(လျှို့ဝှက်ကင်မရာ တပ်ဆင်ထားမှုများ) (Photo: CNN)
မတ်လ ၂၀ ရက်မှာ ရဲတပ်ဖွဲ့က ပြောကြားခဲ့မှုအရ တောင်ကိုရီးယားမြို့ ၁၀ မြို့ရှိ ဟိုတယ်အလုံး ၃၀ ရဲ့ အခန်း ၄၂ ခန်းမှာ အလွန်သေးငယ်တဲ့ ကင်မရာများ သိုဝှက်တပ်ဆင်ပြီး တည်းခိုနေထိုင်သူတွေကို လျှို့ဝှက်ဗီဒီယိုရိုက်ကူးခဲ့ကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။
အဆိုပါ အသေးစား ကင်မရားတွေကို ဒစ်ဂျစ်တယ်တီဗီ လိုင်းဖမ်းစက်များ၊ ဆံပင်အခြောက်ခံစက်ထားတဲ့ နေရာများနဲ့ နံရပ်ကပ်ပလပ်ပေါက်များမှာ သိုဝှက်တပ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသားလေးဦးဟာ ဟိုတယ်မှာ တည်းခိုနေထိုင်သူတွေကို လျှို့ဝှက်ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်း ထုတ်လွှင့်ပြသမှုကနေ အမေရိကန်ဒေါ်လာ ၆,၂၀၀ (မြန်မာကျပ်ငွေ ၉၄ သိန်းကျော်) ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
(လိင်ပိုင်းဆိုင်ရာ လျှို့ဝှက်ဗီဒီယိုတွေပျံ့နှံ့မှုကို ဆိုးလ်မှာ ဆန္ဒပြစဉ်) (Photo: Getty Images)
ထိုသို့ ဟိုတယ်ခန်းတွေမှာ လျှို့ဝှက်ရိုက်ကူးခဲ့တဲ့ လိင်ဆက်ဆံမှုနဲ့ ဝတ်လစ်စလစ်မြင်ကွင်းပါ ဗီဒီယိုတွေ၊ အခြား လျှိို့ဝှက်ရိုက်ကူးထားတဲ့ မဖွယ်မရာ ဗီဒီယိုတွေ တောင်ကိုရီးယားမှာ ပျံ့နှံ့ထွက်ပေါ်ခဲ့ပြီး ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ တောင်ကိုရီးယားရဲတပ်ဖွဲ့က BBC သတင်းဌာနကို ပြောကြားခဲ့မှုအရ အဆိုပါ အမျိုးသားတွေက ယမန်နှစ် သြဂုတ်လအတွင်း ဟိုတယ်တွေမှာ အသေးစား ကင်မရာတွေကို သိုဝှက်တပ်ဆင်ခဲ့ကြတယ်လို့ သိရပါတယ်။
ထို့နောက် ၎င်းတို့က ဝက်ဘ်ဆိုက်တစ်ခု လွှင့်တင်ခဲ့ကြပြီး အစအဆုံး ဗီဒီယိုတွေကို အခကြေးငွေဖြင့် ထုတ်လွှင့်ပြသခဲ့ပြီး စက္ကန့် ၃၀ ကြာ ဗီဒီယိုအပိုင်းတွေကိုတော့ အခမဲ့ ကြည့်ရှုခွင့်ပေးထားခဲ့တယ်လို့ ဆိုပါတယ်။ ထိုအမျိုးသားတွေက ၎င်းတို့ဝက်ဘ်ဆိုက်မှာ ဗီဒီယို ၈၀၃ ခု တင်ထားခဲ့ကြောင်းနဲ့ ဝက်ဘ်ဆိုက်ဆာဗာကိုလည်း နိုင်ငံရပ်ခြားမှာထားရှိခဲ့ကြတယ်လို့ သိရပါတယ်။
(လျှို့ဝှက်ကင်မရာ သိုဝှက်တပ်ဆင်လေ့ရှိသည့် နေရာအချို့) (Photo: Raphael Rashid/Twitter, Yonhap News)
၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ မန်ဘာဝင်ထားသူ ၉၇ ဦးထံမှ အခကြေးငွေများ ရရှိခဲ့ကြကြောင်းနဲ့ ဝက်ဘ်ဆိုက်ကိုမူ ယခုလအတွင်း ပိတ်သိမ်းလိုက်ပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ "လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ တရားမဝင် ဗီဒီယိုတွေ လွှင့်တင်ခြင်းနဲ့ မျှဝေခြင်း ပြုလုပ်ကြတဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်ပါတယ်" လို့ ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့မှ ပြောခွင့်ရအမျိုးသားက Korea Herald သတင်းစာကို ပြောခဲ့ပါတယ်။
တောင်ကိုရီးယားမှာ လိင်မှုကိစ္စဗီဒီယို၊ စာအုပ် စသဖြင့် ထုတ်လုပ်ဖြန့်ချိမှုဟာ ဥပဒေချိုးဖောက်မှုလည်း ဖြစ်ပါတယ်။ နိုင်ငံရဲ့ မြန်နှုန်းမြင့် အင်တာနက်အသုံးပြုနိုင်မှုနဲ့အတူ လျှို့ဝှက်ရိုက်ကူးထားတဲ့ မဖွယ်မရာ ဗီဒီယိုများ အွန်လိုင်းမှာပျံ့နှံ့မှုကလည်း တောင်ကိုရီးယားမှာ မြင့်တက်နေခဲ့ပါတယ်။
(ဟိုတယ်အလုံး ၃၀ မှာ လျှို့ဝှက်ကင်မရာတွေ တပ်ဆင်ခဲ့ပါတယ်) (Photo: CNN)
အဆိုပါ ဗီဒီယိုအများအပြားဟာ အိမ်သာများနဲ့ အဝတ်လဲခန်းများထဲမှာ ရိုက်ကူးထားပြီး လွှင့်တင်မှု သို့မဟုတ် ယခင် လက်တွဲဖော်တွေက လက်စားချေတဲ့အနေနဲ့ အွန်လိုင်းမှာ ဖြန့်ဝေမှုတို့မှတစ်ဆင့် ပျံ့နှံ့ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ထိုကဲ့သို့ ဗီဒီယိုများပျံ့နှံ့ထွက်ပေါ်မှုဟာ ၂၀၁၇ ခုနှစ်အတွင်း ၆,၀၀၀ ကျော်အထိရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ၂,၄၀၀ ရှိခဲ့ရာမှာ သိသာစွာ မြင့်တက်လာခဲ့တာ တွေ့ရပါတယ်။ တောင်ကိုရီးယားမှာ ၂၀၁၇ ခုနှစ်အတွင်း လျှို့ဝှက်ကင်မရာနဲ့ ဆက်နွယ်တဲ့ ရာဇဝတ်မှုများဖြင့် လူဦးရေ ၅,၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပေမဲ့ ၎င်းတို့အနက် ၂ ရာခိုင်နှုန်းသာ ထောင်ဒဏ်ကျခံခဲ့ရတယ်လို့ ဆိုပါတယ်။
(လိင်ပိုင်းဆိုင်ရာ လျှို့ဝှက်ဗီဒီယိုတွေပျံ့နှံ့မှုကို ဆိုးလ်မှာ ဆန္ဒပြစဉ်) (Photo: Korea Expose)
လျှို့ဝှက်ကင်မရာများဖြင့် မဖွယ်မရာ ဗီဒီယိုရိုက်ကူးမှုကို ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်ရန် ဆန္ဒပြမှုတွေလည်း ယမန်နှစ်အတွင်း ဆိုးလ်မြို့မှာ ဆက်တိုက် ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်းမှာတော့ လျှို့ဝှက်ရိုက်ကူးထားတဲ့ လိင်ကိစ္စနဲ့ မဖွယ်မရာ ဗီဒီယိုတွေ လွှင့်တင်နိုင်တဲ့ တောင်ကိုရီးယား နာမည်ကြီးဝက်ဘ်ဆိုက် Soranet ကို ပူးတွဲတည်ထောင်သူအား ထောင်ဒဏ်လေးနှစ်နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁.၂၆ သန်း ပေးဆောင်စေရန် ပြစ်ဒဏ်များချမှတ်ခဲ့ပါတယ်။
(Seungri နှင့် Jung Joon-yong) (Photo: VCG/VCG via Getty Images)
လတ်တလော ရက်ပိုင်းအတွင်းမှာလည်း တောင်ကိုရီးယား K-Pop အဆိုတော်တွေရဲ့ လိင်ကိစ္စအရှုပ်တော်ပုံ ထွက်ပေါ်လာခဲ့ပါသေးတယ်။ K-Pop အဆိုတော်က Jung Joon-yong က လိင်ဆက်ဆံမှုကို လက်တွဲဖော်အမျိုးသမီးရဲ့ သဘောတူခွင့်ပြုမှုမရှိဘဲ ဗီဒီယိုရိုက်ကူးပြီး အခြားသူတွေကို မျှဝေခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် K-Pop အဆိုတော်အဖြစ်မှ နုတ်ထွက်သွားခဲ့ပါတယ်။ လိင်ကိစ္စအရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး နာမည်ကြီး Big Bang အဖွဲ့မှ Seungri လည်း စစ်ဆေးမေးမြန်းခံခဲ့ရတယ်လို့ သိရပါတယ်။