မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနဲ့ နောက်ထပ် တွေ့ဆုံဆွေနွေးမှုတွေ မည်သည့်အခါမျှ ပြုလုပ်တော့မှာမဟုတ်ကြောင်း ယနေ့ (သြဂုတ် ၁၆ ရက်) ပြောကြားလိုက်ပါတယ်။

(မွန်ဂျေအင်းနဲ့ ကင်မ်ဂျုံအန်တို့ ၂၀၁၈ ခုနှစ်၊ ဧပြီ ၂၇ ရက်မှာ တွေ့ဆုံခဲ့စဉ်) (Photo: Reuters)
ယမန်နေ့မှာ (သြဂုတ် ၁၅ ရက်) တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ဆွေးနွေးမှုများ ပြန်လည်စတင်မှာဖြစ်ပြီး ၂၀၄၅ ခုနှစ်မှာ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းမယ်လို့ ပြောကြားခဲ့မှုကို မြောက်ကိုရီးယားက ယနေ့ပယ်ချလိုက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်တော့မှာမဟုတ်ကြောင်း အတိအလင်း တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှု အစီအစဉ် ပျက်ပြယ်ရခြင်းဟာ တောင်ကိုရီးယားရဲ့လုပ်ရပ်များ လုံးဝမှားယွင်းမှုကြောင့် ဖြစ်တယ်လို့ မြောက်ကိုရီးယားကဆိုပါတယ်။ ယနေ့မှာ မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်တော့မှာမဟုတ်ကြောင်း ပြောကြားခဲ့သလို ဒုံးကျည်နှစ်စင်းကိုလည်း ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း သိရပါတယ်။
(မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုတစ်ခု) (Photo: Reuters)
မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်ထားပြီး ထိုသို့လုပ်ဆောင်မှုဟာ စစ်ပွဲအတွက် လေ့ကျင့်မှုတစ်ခုလို့ ပြောထားပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်တဲ့အနေနဲ့ မြောက်ကိုရီးယားက လတ်တလော သီတင်းပတ်များအတွင်း တာတိုပစ်ဒုံးကျည်များ ပစ်လွှတ်စမ်းသပ်နေခဲ့ပါတယ်။ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားအပေါ် တောင်ကိုရီးယားရဲ့ ရန်လိုမှုလက္ခဏာဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရ ပြောခွင့်ရအမျိုးသားက ပြောပါတယ်။
(အမေရိကန်နဲ့တောင်ကိုရီးယား ပူးပေါင်းစစ်ရေးလေ့ကျင့်မှု) (Photo: AFP)
"ဒါက ရှင်းသွားပါပြီ၊ ကျွန်တော်တို့ တောင်ကိုရီးယားအစိုးရနဲ့ နောက်ထပ် တွေ့ဆုံဆွေးနွေးမှုတွေ မရှိတော့ပါဘူး၊ သူတို့နဲ့ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးဖို့ ကျွန်တော်တို့ ဆန္ဒမရှိပါဘူး" လို့ မြောက်ကိုရီးယား ငြိမ်းချမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေးကော်မတီ ပြောခွင့်ရအမျိုးသားက ပြောကြားလိုက်ပါတယ်။ ၎င်းရဲ့ မှတ်ချက်ပြု ပြေကြားမှုကို မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယား ငြိမ်ချမ်းရေးနဲ့ ပြည်လည်ပေါင်းစည်းရေးကော်မတီက တောင်ကိုရီးယားနဲ့ဆက်ဆံရေးကိစ္စရပ်တွေကို စီမံခန့်ခွဲရတဲ့ လုပ်ငန်းအဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံဟာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ပွဲရပ်ဆိုင်းရန်သာ သဘောတူ လက်မှတ်ရေးထိုးထားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးဘဲ စစ်ပွဲကာလအတွင်းမှာ ရှိနေဆဲလို့ဆိုနိုင်ပါတယ်။
(ကိုရီးယားနှစ်နိုင်ငံနယ်စပ်နေရာ) (Photo: Reuters)
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကမ်မ်ဂျုံအန်တို့ ၂၀၁၈ ခုနှစ် ဧပြီ ၂၇ ရက်နေ့က နှစ်နိုင်ငံနယ်စပ် တောင်ကိုရီးယားပိုင်နက်အတွင်း ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေး မျှော်လင့်ချက်ရောင်ခြည်သမ်းလာခဲ့သေးပေမဲ့ ယခုနောက်ဆုံး အခြေအနေများအရ နှစ်နိုင်ငံကြား သဘောထားကွဲလွဲမှုနဲ့ တင်းမာမှုတွေ ဆက်လက်ဖြစ်ပေါ်နေအုံးမယ်လို့ သတင်းတွေက သုံးသပ်ထားကြပါတယ်။