အလှူတွေ လုပ်ပါဦးမယ်။

ကျော်ကျော်ဗိုက သူရရှိခဲ့တဲ့ အကယ်ဒမီဆုအတွက် ပရိသတ်တွေကိုလည်း ကုသိုလ်မျှဝေနိုင်အောင် အလှူအတန်းတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

သရုပ်ဆောင်ကျော်ကျော်ဗိုက သူ့ဘဝရဲ့ ပထမဦးဆုံး အကယ်ဒမီဆုကို လှူဒါန်းဖို့အတွက် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒီရွှေပြားကိုတော့ ရွှေတိဂုံစေတီတော်ကြီးမှာပဲ လှူဒါန်းသွားမယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ရွှေတိဂုံဘုရား ထီးတော်မှာ လှူချင်ပါတယ်။ ဒီအလှူအတွက်လည်း မေးမြန်းစီစဉ်ရပါဦးမယ်။ ဟိုတစ်နေ့က သမီးလေး မွေးနေ့သွားတုန်းကတော့ ရွှေသင်္ကန်းကပ်နေတုန်းပဲဆိုတော့ ညန်းဆင်တွေဘာတွေ မဖြတ်လောက်သေးဘူးလို့ ထင်ပါတယ်’’ လို့ သူကဆိုပါတယ်။
ကျော်ကျော်ဗိုဟာ ပရိသတ်တွေရဲ့ ဆုတောင်းပေးမှုကြောင့် ရရှိလာတဲ့ ဆုအတွက် ကုသိုလ်ကောင်းမှူ တွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပရိသတ်တွေနဲ့လည်း ကုသိုလ်ရေစက်တွေ ဆုံချင်ပါသေးတယ်တဲ့။

‘’ကျွန်တော့်ရဲ့ ဘဝမှာ အမှတ်တရ ဖြစ်ခဲ့တဲ့ အရာတွေမှန်သမျှ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်၊ ကျွန်တော့်ရဲ့ အနန္တောအနန္တ ငါးပါးကို တစ်ဦးတည်းသိမ်းဆည်းထားတာထက် ပရိသတ်အားလုံးနဲ့ ရေစက်ဆုံချင်တာကြောင့် အလှူအတန်း တစ်ခုအနေနဲ့ အမြဲတမ်းလုပ်သွားဖို့ စိတ်ကူးရှိထားပါတယ်။ ဒီအကယ်ဒမီမှ မဟုတ်ပါဘူး ကျန်တဲ့ ဘာထူးချွန်ဆုပဲ ရရ၊ ဘယ်လို ဆုလာဘ်၊ ဘယ်လိုနေရာမှာပဲ ရရပါ’’ လို့ မတ်လ ၂၃ ရက်နေ့ က အကယ်ဒမီပေးပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

အကယ်ဒမီထူးချွန်ဆု ရရှိသွားပြီဖြစ်တဲ့ ကျော်ကျော်ဗိုက အနုပညာအလုပ်တွေကို အရင်ကထက်ပိုပြီး ကြိုးကြိုးစားစား ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

‘’တာဝန်ယူမှုကတော့ ပိုပြီးတော့ လေးနက်သွားတာပေါ့နော်။ ပရိသတ်တွေ တောင်းဆုပြုပြီးတော့ မေတ္တာထားပေးတဲ့ အနုပညာသမားတစ်ယောက်ဖြစ်အောင် ပိုဂရုစိုက်ပြီးတော့ အလုပ်လုပ်ရတော့မှာပေါ့။ အရင်တုန်းကလို အပျော်စိတ်လေးတွေ မဖြစ်မိအောင်လို့တော့ ထိန်းသိမ်းရမှာပေါ့နော်’’ လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်အတွက် ‘’မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို သရုပ်ဆောင် ကျော်ကျော်ဗိုက ရရှိပိုင်ဆိုင်သွားတာဖြစ်ပါတယ်။ ဒီအကယ်ဒမီပေးပွဲကိုတော့ မတ်လ ၂၃ ရက်နေ့က The One Entertainment Park မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ ပွဲဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေက စိတ်လှုပ်ရှားပြီး စောင့်မျှော်အားပေးရတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က