Facebook ပိုင် လူမှုကွန်ရက်ကုမ္ပဏီ WhatsApp ဟာ ဥရောပသမဂ္ဂ အချက်အလက်ကိုယ်ရေးလုံခြုံမှုဥပဒေ ချိုးဖောက်တဲ့အတွက် ယူရို ၂၂၅ သန်း ( ဒေါ်လာ ၂၆၇ သန်) ဒဏ်တပ်ခံရတယ်လို့ ဆိုပါတယ်။
အိုင်ယာလန် အချက်အလက် ကာကွယ်ရေးကော်မရှင် DPC ရဲ့ စာမျက်နှာ ၈၉ မျက်နှာရှိတဲ့ ဆုံးဖြတ်ချက်မှာ WhatsApp ဟာ ဥရောပသမဂ္ဂနိုင်ငံသားတွေကို သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ဘယ်လိုကိုင်တွယ်အသုံးချနေတယ်ဆိုတာကို ရေရေလည်လည် အသိပေးတာမျိုး မလုပ်ခဲ့ဘူးလို့လည်း ဖော်ပြထားပါတယ်။ DPC ရဲ့ အဆိုအရ WhatsApp ဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို သူ့ရဲ့မိခင်ကုမ္ပဏီ Facebook နဲ့ မျှဝေတဲ့ပုံစံကိုလည်း သုံးစွဲသူတွေ သေချာသိအောင် သတိပေးမှု မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

Photo: bestgamingpro
ဒါဟာ အထွေထွေ အချက်အလက်ကာကွယ်ရေးစည်းမျဉ်း GDPR ချိုးဖောက်မှုနဲ့ အိုင်ယာလန်အချက်အလက်စည်းကမ်းထိန်းသိမ်းရေးကနေ လုပ်ဆောင်တဲ့ အကြီးဆုံး ဒဏ်ရိုက်မှု ဖြစ်ပြီး EU မှာတော့ ဒုတိယအများဆုံး ဒဏ်ရိုက်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ကနဦးက အိုင်ယာလန် DPC ဟာ WhatsApp ကို GDPR ချိုးဖောက်မှုနဲ့ ယူရို သန်း ၅၀ ဒဏ်ရိုက်ဖို့ ချမှတ်ခဲ့တာ ဖြစ်ပြီး ဒီထက်ပို ပြင်းထန်တဲ့ ဒဏ်ရိုက်မှုလုပ်ဖို့ တခြားအချက်အလက်ကာကွယ်ရေးအေဂျင်စီတွေရဲ့ ဖိအားပေးပြီးနောက်မှာ မူလရည်ရွယ်ထားတာထက် ၄ ဆကျော် ပိုများပြားတဲ့ ဒဏ်ကြေး တပ်ခဲ့တာ ဖြစ်တယ်လို့ Gizmochina သတင်းက ဆိုပါတယ်။
အိုင်ယာလန် DPC ရဲ့ အမိန့်မှာ WhatsApp အနေနဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်မူဝါဒကို ပြန်ပြင်ဖို့နဲ့ ဥရောပ Privacy Law တွေနဲ့အညီ ဖြစ်အောင် သုံးစွဲသူကို အသိပေးတာမျိုး လုပ်ဆောင်ဖို့ပါ ချမှတ်ခဲ့ပါတယ်။ WhatsApp ကတော့ ကုမ္ပဏီအနေနဲ့ ဒီအမိန့်ကို အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။ "ကျွန်တော်တို့ ၂၀၁၈ မှာ လူတွေကို ချပြထားတဲ့ ပွင့်လင်းမြင်သာမှုအရ ဒီနေ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ သဘောမတူပါဘူး။ နောက်ပြီး ဒဏ်ကြေးကလည်း လုံးဝ မတန်မဆကြီးပါပဲ။"လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
Photo: zdnet
DPC ဟာ ၂၀၁၈ ခုနှစ်ထဲမှာ WhatsApp ကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီး အခုလို ဆုံးဖြတ်ခဲ့တာပါ။ GDPR အရ အချက်အလက်စည်းမျဉ်းချိုးဖောက်မှုကြောင့် ဒဏ်ကြေးအများဆုံး ရိုက်ခံရတဲ့ ကုမ္ပဏီကတော့ Amazon ဖြစ်ပါတယ်။ ဒီနှစ် ဇူလိုင်လထဲမှာ Amazon ဟာ EU ရဲ့ Privacy Law ချိုးဖောက်မှုအတွက် စံချိန်တင် ဒဏ်ကြေး ၈၈၇ သန်းအထိ ပေးဆောင်ဖို့ အမိန့်ချမှတ်ခံထားရပါတယ်။
ဥရောပသမဂ္ဂနိုင်ငံတွေမှာ နည်းပညာကုမ္ပဏီတွေရဲ့ အချက်အလက် စုဆောင်းအသုံးပြုမှုနဲ့ ပတ်သက်ပြီး ကိုင်တွယ်တဲ့ ဥရောပရဲ့ အထွေထွေ အချက်အလက်ကာကွယ်ရေးစည်းကမ်းထိန်းသိမ်းမှု GDPR ဟာ ၂၀၁၈ မေလထဲမှာ စပြီး အသက်ဝင်တာ ဖြစ်ပါတယ်။ WhatsApp ဟာ GDPR ရဲ့ Privacy ဥပဒေချိုးဖောက်မှုနဲ့ ပထမဆုံးတရားစွဲခံရတဲ့ ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်ပါတယ်။