မီးမီးခဲဟာ သူမရဲ့ ကျန်းမာရေးထက် သားသမီးတွေနဲ့ ပျော်နေရရင် ကိုယ့်ရောဂါကိုတောင် မေ့နေတယ်လို့ ဆိုပါတယ်။
Photo: Mee Mee Khel
မီးမီးခဲကတော့ ကင်ဆာ ရောဂါ နောက်ဆုံး အဆင့်ကို ခံစားနေရတာ ကြာပါပြီ။ မိသားစုကို ချစ်တဲ့ သူမအတွက်တော့ သားသမီးလေးတွေ နဲ့ ပျော်ပျော်ပါးပါး နေရတဲ့ အချိန်လေးက ကိုယ့်ရောဂါကို မေ့သွားရလောက်အောင်ပါပဲတဲ့။ လက်ရှိ သူမရဲ့ ကင်ဆာရောဂါ အခြေအနေကိုလည်း အခုလို ပြောပြလာပါတယ်။
" ဆေးရုံပြန်ဆင်းလာတဲ့ရက်ကနေ ဒီနေ့ထိ ကလေးတွေနဲ့ဆော့ ဟင်းတွေချက်၊ ညဆို သီချင်းဆိုကြကင်ဆာရောဂါ ဘယ်နားရောက်မှန်းမသိ။ မိသားစုရဲ့အရိပ်ဆိုတာလေ လူကို ပြောင်းလဲစေနိုင်တာပါ။ ပင်ပန်းခဲ့ရသမျှ ဆေးကုတုန်းက ၇ ကြိမ် ဓါတ်ကင်ခဲ့ရပါတယ်။ ကျွန်မတို့လိုနောက်ဆုံးအဆင့်ဝေဒနာရှင်တွေ ဆို ဆေးရုံကလည်း အရမ်းသနားသလို မေးခွန်းပေါင်းများစွာလဲဖြေကြရပါတယ်။ ကျန်းမာရေးဥပဒေအရ ကိုယ်ရောဂါအခြေအနေကိုမိသားစုတွေသိလား။ သင် သေရင်ရောဘာတွေလွဲှခဲ့ချင်လဲ ( သေတန်းစာ)တရားဝင်တွေမေးမြန်းကြ ရင်တွေဆို နာတာပေါ့နော်။ ကျန်တဲ့ဘဝရက်တွေမှာ ဘာတွေ လုပ်သွားခဲ့ချင်လဲ..လူမှူရေး ကူညီအဖွဲ့အစည်းတွေနဲ့စကားပြောကြရတာပေါ့လေ" ဆိုပြီးတော့ မေလ ၁၃ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Mee Mee Khel
မီးမီးခဲဟာ ကင်ဆာဆေးတွေရဲ့ ဆိုးကျိုးကြောင့် သူမရဲ့ ခြေထောက်တစ်ဖက်က လမ်းမလျှောက်နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်တဲ့။ ဒါကြောင့် ဆေးရုံတက် ကုသခဲ့ပြီး မေလ (၁၀) ရက်နေ့မှာ ဆေးရုံက ဆင်းခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမကို wheelchair အသုံးပြုပြီး သွားလာရမယ်လို့ ဆရာဝန်တွေက ညွှန်ကြားထားတယ်လို့ဆိုပါတယ်။
" ကျွန်မရဲ့အရိုး မကောင်းတဲ့ပြသာနာ အရတော့ ကျွန်မက ဒီ ၄၊ ၅ ၊၆ လအတွင်း wheelchair ကို အသုံးပြုသွားရမယ်လို့ပြောပေမယ့် နဂိုကမှ super mommy ဆိုတော့ကာ ဆေးရုံတတ်တဲ့နေ့ထဲက nurse အကူမယူပဲ ကြိုးစားလမ်းလျှောက်ခဲ့ပါတယ်။ အခုလည်း ဖြေးဖြေးခြင်းစလျှောက်နိုင်နေပါပြီ။ Strong ဖြစ်ပြီးသားကျွန်မကတော့ ဘာမှ သိပ်မခံစားရပါဘူး။ ခြေထောက်၊ ပေါင် အက်တဲ့နေရာ၊ ဘယ်ဘက်ခါး နေရာ၊ ညာဘက်နဂိုး အောက် နေရာ ပြင်းထန်စွာ ပြုလုပ်ခဲ့ရပေမယ့် ပြန်ရောက်တဲ့ တစ်ရက်တော့ ထမနိုင်ဘူး ။ နောက်ရက်တွေတော့ လန်းဆန်းလာတယ်နိးတာနဲ့ မျောက်ရှုံးနှစ်ကောင် ကတီတီတာတာ၊ စိတ်ကြောင့်သာလျှင် အရာရာ ဟာ ပြီးပြည့်စုံလာရတာပါ။ ဘုန်းတော်ထင်ရှားမဲ့အနာ ဖြစ်ကြောင်း အတည်ပြုဝန်ခံရင်း God Bless You All..ToGodBeTheGlory mmk" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။
Photo: Mee Mee Khel
မီးမီးခဲက လက်ရှိမှာ မိသားစုနဲ့ အတူ သြစတျေးလျနိုင်ငံ Sydney မြို့မှာနေထိုင်တာဖြစ်ပါတယ်။ သူမဟာ ၂၀၁၉ ခုနှစ်အတွင်းက ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့အပြင် ရင်သားကင်ဆာ အဆင့်(၄) အထိ ရောက်ခဲ့ရတာဖြစ်ပါတယ်။ သူမရဲ့ ကျန်းမာရေးအခြေအနေကောင်းလာဖို့အတွက်ကိုလည်း ဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားချက်အတိုင်း နေထိုင်စားသောက်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမကိုယ်တိုင်က ကင်ဆာရောဂါခံစားနေရတာကြောင့် ကင်ဆာဝေဒနာရှင်တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် သီချင်းတွေကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ရင်း အားပေးခဲ့ပါတယ်။ မန္တလေးမှာလည်း ဒုတိယမြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပခဲ့ပါသေးတယ်။ အောင်မြင်တဲ့ ဖျော်ဖြေပွဲကြီးတစ်ခုဖြစ်ခဲ့သလို ဒီဖျော်ဖြေပွဲက ရရှိတဲ့ ငွေကြေးတွေကို ကင်ဆာဝေဒနာရှင်တွေအတွက် မီးမီးခဲက အလှူအတန်းတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။