နာမည်ကျော် Counter-Strike: GO ပရိုကစားသမား Coldzera ဟာ ထိပ်သီးအသင်းတစ်ခု ဖြစ်တဲ့ FaZe နဲ့ပြန်လာပါပြီ။

    နာမည်ကျော် Counter-Strike: GO ပရိုကစားသမား Coldzera ဟာ ထိပ်သီးအသင်းတစ်ခု ဖြစ်တဲ့ FaZe နဲ့ပြန်လာပါပြီ။


         Coldzera လို့ပြောလိုက်တာနဲ့ မီးကုန်ယမ်းကုန်တောက်ပခဲ့ဖူးတဲ့ ဘရာဇီးသား CS:GO ကြယ်ပွင့်ကို ပြေးမြင်ကြမှာပါ။ CS:GO Professional Scene ထဲကနေ သုံးလနီးပါးလောက် ပျောက်ဆုံးနေခဲ့တဲ့ Coldzera တစ်ယောက် အခုအချိန်မှာတော့ သူ့အတွက် အိမ်အသစ်ကို တွေ့ရှိသွားခဲ့ပါပြီ။




သူရောက်ရှိသွားတဲ့အသင်းကတော့ တစ်ချိန်က ရွှေထီးဆောင်းခဲ့ပေမယ့် လက်ရှိမှာ ရလဒ်ဆိုးတွေကြားမှာ ရုန်းကန်နေရတဲ့ FaZe Clan ပါ။ ဒီဆုံးဖြတ်ချက်ဟာ အသင်းသစ်မှာကစားချင်နေတဲ့ Colzera အတွက်ရော လစ်ဟာနေတဲ့နေရာမှာ Top Tier ကစားသမားတွေနဲ့ အစားထိုးချင်နေတဲ့ FaZe Clan အတွက်ရောပါ အကျိုးရှိတဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။

         Coldzera ဟာ အသက် ၂၅ နှစ်အရွယ်သာရှိသေးတာဖြစ်ပြီး အအောင်မြင်ဆုံး နဲ့ အကောင်းဆုံး CS:GO ပရော်ဖက်ရှင်နယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံသားဖြစ်တာနဲ့အညီ သူ့ကစားသမားသက်တမ်းတစ်လျှောက်လုံး သူ့သူငယ်ချင်းဘရာဇီးသားတွေချည်း စုထားတဲ့ အသင်းတွေနဲ့ဖြတ်သန်းခဲ့ပါတယ်။



၂၀၁၅ ခုနှစ်မှာ Coldzera တို့ဘရာဇီးသားတစ်သိုက်ကို Luminosity Gaming က စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။ Luminosity Gaming ကို TACO နဲ့ fnx တို့က boltz နဲ့ steel အစား ဝင်ရောက်လာတဲ့အခါမှာတော့ ယနေ့အချိန်ထိနာမည်မသေသေးတဲ့ Line Up ကိုရရှိခဲ့ပါတယ်။

သူတို့ရဲ့ပထမဦးဆုံး Major ချန်ပီယံဆုကို ၂၀၁၆ ခုနှစ်မှာကျင်းပခဲ့တဲ့ MGL Major Championship: Columbus မှာရရှိခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူတို့အသင်းဟာ ထိပ်တန်းအသင်းတစ်သင်းအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၁၆ ခုနှစ် ဂျူလိုင်လ ၁ ရက်နေ့အရောက်မှာတော့ ကစားသမားအားလုံး Luminosity Gaming ကိုစွန့်ခွာပြီး SK Gaming ကို အသင်းလိုက်ပြောင်းသွားခဲ့ပါတယ်။


         Coldzera ရဲ့အောင်မြင်မှုအထွဋ်အထိပ်ရောက်ရှိခဲ့တာကတော့ SK Gaming မှာပါ။ မေဂျာများနဲ့ အခြားဆုများကို ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းတွေ ရှိန်ရတဲ့ အသင်းကြီးတစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ သို့ပေမယ့် အောင်မြင်မှုတွေကတော့ အကြာကြီးမမြဲခဲ့ပါဘူး။ နောက်ပိုင်းမှာ ဆိုးရွားလာတဲ့ရလဒ်တွေကြောင့် လူစားထိုးပြီး အဖြေရှာခဲ့ပေမယ့် အခြေအနေကတော့ တိုးတက်လာခြင်းမရှိခဲ့ပါဘူး။


အဲဒီမှာပဲ Coldzera အပါအဝင် ကစားသမားအားလုံး SK Gaming အဖွဲ့အစည်းအောက်ကနေထွက်ပြီး Immortals ပိုင် MIBR အသင်းမှာကစားခဲ့ပါတယ်။ MIBR မှာကစားပေမယ့်လည်း အရင်လို အောင်မြင်မှုကြီးကြီးမားမားမရရှိခဲ့တာကြောင့် Coldzera တစ်ယောက် အသင်းအပေါ်စိတ်ကုန်စပြုလာပြီး အသင်းပြောင်းကာ တက်လမ်းရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Coldzera တစ်ယောက် MIBR ကနေ Inactive ဖြစ်ပြီး ၂ လကျော်အကြာမှာတော့ လူအင်အားဖြည့်တင်းဖို့လိုအပ်နေတဲ့ FaZe Clan က စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။

         လက်ရှိ FaZe Clan ရဲ့လူစာရင်းကတော့

1. rain

2. NiKo

3. olofmeister

4. coldzera

5. YNk (coach) တို့ပဲဖြစ်ပါတယ်။


ယခုအချိန်မှာ တရားဝင်ကစားသမား ၄ ဦးတည်းသာရှိသေးတာကြောင့် နောက်ဆုံးတစ်ယောက်အနေနဲ့ ဘယ်သူ့ကိုခေါ်ယူမလဲဆိုတာ စိတ်ဝင်စားစရာပါ။ မကြာသေးခင်က NiKo ရဲ့ပြောကြားချက်အရ Epsilon Esports က ကစားသမားတစ်ဦးဖြစ်သူ broky ဟာ FaZe Clan နဲ့အတူ လေ့ကျင့်လျက်ရှိတယ်လို့သိရတာကြောင့် လောလောဆယ်မှာ တရားဝင်မခေါ်ယူသေးဘဲ Substitute အနေနဲ့ကစားခိုင်းထားလောက်မှာပါ။

FaZe Clan ရဲ့လက်ရှိလူစာရင်းဟာ ၄ ယောက်တည်းသာရှိသေးပေမယ့် တော်တော်လေးတောင့်တင်းတာကိုတွေ့ရမှာပါ။ FaZe Clan အနေနဲ့ ဒီလူစာရင်းနဲ့အတူ အရင်လိုရွှေရောင်နေ့ရက်တွေကို ပြန်လည်ရောက်ရှိနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က