Software ပိုင်းဆိုင်ရာ ကတိပြုချက်သစ်တွေနဲ့ Samsung

၂၀၂၁ နဲ့ ၂၀၂၂ ထုတ် Flagship ဖုန်းနဲ့ တက်ဘလက်အတွက် Samsung ရဲ့ ကတိကဝတ်တစ်ခုက စိတ်လှုပ်ရှားစရာ ဖြစ်လာပါတယ်။ 

ပြီးခဲ့တဲ့နှစ်က Samsung ဟာ ကုမ္ပဏီထုတ် စမတ်ဖုန်းနဲ့ တက်ဘလက်တွေကို ဆော့ဖ်ဝဲလ် Support ၄ နှစ် ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ သဘောက Major OS Update ကြီး ၃ ခုနဲ့ လေးနှစ်ကြာ Security Patch တွေ ထုတ်ပေးမယ်ဆိုတာပါပဲ။ 



Photo: GSMArena


ဒီကြေညာချက်မှာ ၂၀၁၉ ကနေစပြီး ထွက်ခဲ့တဲ့ Galaxy Fold ၊ Z series ၊ S series ၊ Note ၊ A နဲ့ M စီးရီးအပြင် Tab A/S စတဲ့ တက်ဘလက်စီးရီးတွေလည်း အကျုံးဝင်ခဲ့ပါတယ်။ စမတ်ဖုန်းလောကမှာ ပုံမှန်အနေအထားအရဆို ၃ နှစ်အထိပဲ Security Patch ထုတ်ပေးနေချိန်မှာ Samsung က ၄ နှစ်အထိ Support ပေးပြီး အမြင့်ဆုံးစံနဲ့ သွားဖို့ စီစဉ်လိုက်တာပါ။ 

အခုတစ်ခေါက်မှာတော့ ပိုပြီး စိတ်လှုပ်ရှားစရာတစ်ခု ထပ်ကြားလာရပါတယ်။ ဒါကတော့ ၂၀၂၁ နဲ့ ၂၀၂၂ ထုတ် Samsung Galaxy S စီးရီး ၊ Z Foldable ဖုန်းစီးရီးတွေနဲ့ Tab S8/S8+နဲ့ S8 Ultra မော်ဒယ်တွေကို major Android OS Update ၄ နှစ်နဲ့ Security Patch ၅ နှစ် ပေးသွားမယ်ဆိုတာပဲ ဖြစ်ပါတယ်။ 

အခုနှစ်ထုတ်လိုက်တဲ့ Galaxy S22 နဲ့ Galaxy Tab S8 မော်ဒယ်တွေဟာ Android 12 နဲ့ လာတာ ဖြစ်လို့ ၂၀၂၇ ခုနှစ်အထိ Security Patch နဲ့ AndroidOS 16 အထိ တင်နိုင်တော့မှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်က ထုတ်ခဲ့တဲ့ Galaxy Z Flip 3 ၊ Galaxy Z Fold 3 နဲ့ Galaxy S21/S21+/S21 Ultra နဲ့ Galaxy S21 FE တို့လည်း အလားတူ ခံစားခွင့်တွေ ရဦးမှာ ဖြစ်ပါတယ်။

Photo: Samsung


Samsung ဟာ Galaxy Watch 4 စီးရီးနဲ့ နောက်ထွက် Wearable ထုတ်ကုန်တွေကိုလည်း OS Update ၄ နှစ် ထောက်ပံ့ပေးသွားမယ်လို့ ကတိပြုထားပါတယ်။ လက်ရှိ ထွက်ထားတဲ့ Galaxy Watch 4 ၊ Galaxy Watch 4 Classic နဲ့ အသစ်ထွက်လာမယ့် Galaxy Watch series တွေဟာ OneUI Watch နဲ့ Wearable OS Update ၄ နှစ်ရမှာ ဖြစ်ပါတယ်။ 

OS Update နဲ့ security Patch ပေးတဲ့ နှစ်အတိုင်းအတာဟာ ဖုန်းတစ်လုံးရဲ့ နုပျိုအသက်ဝင်မှုကို ဖော်ညွှန်းတဲ့ ကာလဖြစ်မယ်ဆိုရင် နောက်အသစ်ထွက်လာတဲ့ Samsung High-End ဖုန်းတွေဟာ ပိုပြီးအသက်ရှည်နုပျိုမှုနဲ့ အသုံးတော်ခံနိုင်မယ့် ထုတ်ကုန်တွေ ဖြစ်လာမှာအမှန်ပါပဲ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က