Xiaomi ကတော့ အကောင်းစား ကင်မရာစွမ်းရည်တွေ ပါဝင်တဲ့ flagship ဖုန်းမော်ဒယ်သစ်တစ်မျိုးကို ကြေညာတော့မှာပါ။
Redmi ရဲ့ Weibo အကောင့်မှာ တရားဝင်တင်ထားတဲ့ အချက်အလက်တွေအရ ဒီဖုန်းဟာ Redmi K20 ဖြစ်ပြီး high-end specs တွေ ပါဝင်လာမယ်လို့ဆိုပါတယ်။ Redmi K20 ဟာ Sony IMX586 sensor သုံးထားတဲ့ 48MP ကင်မရာ အပါအဝင် triple lens ကင်မရာစနစ်ကို သုံးသွားဖို့ရှိနေပါတယ်။
Photo: Smartprix
Gizmochina သတင်းမှာတော့ Redmi K20 မှာ သုံးထားတဲ့ ကင်မရာ သုံးလုံးထဲမှာ ultra-wide ကင်မရာတစ်လုံး နဲ့အနီးအဝေး ဖမ်းယူနိုင်မယ့် Tele lens တစ်ခု ပါလာမယ်လို့ဆိုပါတယ်။ နောက်ထပ် ထူးခြားတာက Xiaomi Mi 9 မှာ ပါတဲ့ slow-mo ကို 960fps နှုန်းနဲ့ရိုက်နိုင်တဲ့ စနစ်ကို Redmi K20 မှာ သုံးသွားမယ်လို့လည်း သတင်းထွက်ထားပါတယ်။
Xiaomi ဟာ OnePlus 7 Pro နဲ့ယှဉ်နိုင်ဖို့အတွက် Redmi K20 မော်ဒယ်ကို မိတ်ဆက်သွားမှာ ဖြစ်ပြီး ဒီဖုန်းမှာလည်း OnePlus 7 Pro လို pop-up ကင်မရာစနစ် ပါလာမယ်လို့ဆိုပါတယ်။ ဒီကင်မရာဟာ အကြိမ်ပေါင်း ၃ သိန်းကျော်အထိ pop-up လုပ်နိုင်မယ့် ကင်မရာစနစ်လည်း ဖြစ်ပါတယ်။
နောက်ထပ် သိရတာက Redmi K20 ဟာ Snapdragon 855 processor ၊ fast charging ပံ့ပိုးမှု ပါတဲ့ 4000 mAh ဘက်ထရီ နဲ့အတူ RAM 6G/8GB နှစ်မျိုး ထွက်လာမယ်လို့ဆိုပါတယ်။ ဒီဖုန်းဟာ မျက်နှာပြင် ၆.၃၉ လက်မ AMOLED display နဲ့လာပြီး fingerprint scanner ကို ရှေ့မှာ ထားမလား ၊ ကျောဘက်မှာပဲ ထားသွားမှာလားဆိုတာ မသိရသေးပါဘူး။
Xiaomi ဟာ Pocophone F1 လိုမျိုး flagship မော်ဒယ်သစ်ကို ကြေငြာခဲ့သလို Redmi စီးရီးကိုလည်း အဆင့်မြှင့်တင်မှုများ လုပ်လာတာပါ။ Redmi K20 ဟာ ကာဗွန် အနက် ၊ ရေခဲပြာနဲ့မီးတောက်နီ အရောင်တွေနဲ့ထွက်လာဖို့ရှိပြီး မေလ ၂၈ ရက်နေ့တရုတ်ဈေးကွက်မှာ ကြေညာသွားမယ်လို့ဆိုပါတယ်။