Microsoft ဟာ ကုမ္ပဏီရဲ့ Edge Browser မှာ VPN Service တစ်ခု အခမဲ့ ထည့်ပေးသွားတော့မယ်လို့ ဆိုပါတယ်။
ပြိုင်ဘက် Browser တွေထက် Edge ကို လူသုံးများလာအောင် ဆွဲဆောင်ဖို့ Microsoft ကုမ္ပဏီဟာ နည်းလမ်းသစ်တွေ ရှာဖွေနေပြီး မကြာမီမှာ Edge Browser ရဲ့ လုံခြုံရေးနဲ့ Privacy ကို မြှင့်တင်နိုင်ဖို့ အခမဲ့ Virtual Private Network (VPN) Service တစ်ခု Built-In ထည့်သွင်းပေးဖို့ လုပ်နေတယ်လို့ ကုမ္ပဏီရဲ့စာမျက်နှာမှာ ဖော်ပြထားပါတယ်။
Edge Secure Network လို့ ခေါ်တဲ့ VPN Service ကို Microsoft Edge browser ထဲမှာ ထည့်ပေးသွားမှာပါ။ ဒီ Tool ဟာ အင်တာနက်ချိတ်ဆက်မှုကို လုံခြုံမှုရှိအောင် Encrypt လုပ်ပေးသွားမှာပါ။ Edge Secure Network ဟာ သုံးစွဲသူရဲ့ Web Traffic ကို တိုက်ရိုက် Encrypt လုပ်ထားတာ ဖြစ်လို့ ကိုယ်သုံးနေတဲ့ Internet Service Provider (ISP) ကနေ ကိုယ့်အချက်အလက်တွေ ရယူတာမျိုးမလုပ်နိုင်အောင်ပါ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
IANS ရဲ့ အစီရင်ခံစာအရ ဒီ Feature ဟာ ဟက်ကာလိုမျိုး အွန်လိုင်းခြိမ်းခြောက်မှုတွေရဲ့ အချက်အလက်နှိုက်ယူမှုကိုပါ ကာကွယ်ပေးနိုင်မယ်လို့ ဆိုပါတယ်။ တခြား VPNs တွေလိုပဲ Edge Secure Network ဟာ သုံးစွဲသူရဲ့ တည်နေရာကို ကွယ်ဖျောက်ပေးနိုင်လို့ ဘယ်ကနေ သုံးနေတယ် ၊ ဘယ်ရောက်နေတယ်ဆိုတာကိုပါ Block လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီ Feature ရဲ့ အားနည်းချက်က တစ်လကို ဒေတာ 1GB စာပဲ ပေးထားတာ ဖြစ်ပြီး ဝန်ဆောင်မှုကို သုံးဖို့အတွက် Microsoft အကောင့်တစ်ခုလည်း ရှိဖို့ လိုပါတယ်။ လောလောဆယ်မှာတော့ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိနေပြီး အသုံးပြုနိုင်အောင် လွှင့်တင်ပြီဆိုရင် Edge Browser ထဲမှာ Secure Network နာမည်နဲ့ VPN ဖွင့်လို့ရမယ့် option လေး ပါလာမှာပါ။
Browsing လုပ်ပြီးသွားရင်တော့ ဒီ Feature ဟာ သူ့အလိုလို ပြန်ပြီး ပိတ်သွားမယ်လို့လည်း ဆိုပါတယ်။