ဘာလင်အခြေစိုက် G2 Esports ဟာ Alibaba ကို တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ဂျိုးဆက်ဆိုင်ဆီက ရင်းနှီးမြှပ်နှံမှု ရရှိထားပါတယ်။
ဂျိုးဆိုင်ဟာ ဘက်စကတ်ဘောအသင်း ဖြစ်တဲ့ Brooklyn Nets နဲ့ Barclays Center ကွင်းတွေ ပိုင်ဆိုင်ထားတဲ့ အားကစားဝါသနာရှင် ဘီလျံနာတစ်ဦးပါ။ ထိုင်ဝမ်နွယ်ဖွား ကနေဒါနိုင်ငံသား ဂျိုးဆက်ဆိုင်ဟာ Gamers2 လို့ အရင်က ခေါ်ခဲ့တဲ့ G2 Esports အဖွဲ့အစည်းမှာ ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှပ်နှံလိုက်တာ ဖြစ်တယ်လို့ eSports Insider က ဖော်ပြထားပါတယ်။

Photo: wallpapersafari
ဘာလင်အခြေစိုက် G2 Esports အဖွဲ့အစည်းဟာ ဂျိုးဆက်ဆိုင်ရဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ပြီးနောက် ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်တန် လုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။ ဒီရင်းနှီးမြှပ်နှံမှုကြောင့် G2 ဟာ တရုတ်အပါအဝင် အာရှ eSports ဈေးကွက်ပါ ထိုးဖောက်လာဖို့ ရှိပါတယ်။ တရုတ်ဟာ ဂိမ်းဝင်ငွေနဲ့ ကစားသူဦးရေနဲ့ ကြည့်မယ်ဆိုရင် အမေရိကန်မှာထက် Gamers ပိုများပြီး ကမ္ဘာ့အကြီးဆုံး ဂိမ်းဈေးကွက်အဖြစ် ရပ်တည်နေပါတယ်။
" ဥရောပအသင်းတွေ အဓိက ရင်ဆိုင်ရမယ့် အကြီးဆုံး စိန်ခေါ်မှုက တရုတ်စတိုင်နဲ့ ကောင်းကောင်း ကစားနိုင်ဖို့ ၊ တရုတ်က ပရိတ်သတ်တွေရဲ့ စိတ်နေသဘောထားနဲ့ တကယ်တွေးတဲ့ ပုံစံကို နားလည်ဖို့ပါပဲ" လို့ G2 ကို ပူးတွဲ တည်ထောင်ခဲ့သူနဲ့ ဥက္ကဌဖြစ်တဲ့ ဂျန်းစ်ဟီဂါးစ်က ဆိုပါတယ်။ G2 eSports မှာ တရုတ်ပိုင်ရှင်တစ်ယောက်ရဲ့ ပံ့ပိုးမှုပါလာခြင်းဟာ တရုတ်ဂိမ်းဈေးကွက်ထဲ ဝင်ဖို့ ပိုလွယ်ကူမယ်လို့လည်း ဟီဂါးစ်က မျှော်လင့်ထားပါတယ်။
Photo: esportsinsider
G2 eSports ဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလထဲမှာ တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပြီး League of Legends ၊ Fortnite ၊ Counter-Strike; Global Offensive ၊ PUBG ၊ Hearthston ၊ Rocket League နဲ့ Rainbow Six Siege တို့မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကစားသမားတွေ စုစည်းထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံး eSports လုပ်ငန်းတွေထဲက တစ်ခု ဖြစ်တဲ့ G2 မှာ မတူညီတဲ့ ဂိမ်းတွေ ကစားနေတဲ့ အသင်း ၁၀ သင်း ရှိပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာပဲ G2 ဟာ Parkwood Corporation, Everblue Management, Seal Rocket Partners, Dan Gilbert နဲ့ A1 Tylis တို့ဆီက ယူရို ၁၅ သန်း ရင်းနှီးမြှပ်နှံမှု ရခဲ့ပါတယ်။