ဖေဖော်ဝါရီ ၉ ရက်နေ့ ထွက်ရှိမယ့် Galaxy S စီးရီးဖုန်းသစ်တွေဟာ ဂေဟစနစ်နဲ့ လိုက်ဖက်မှုရှိတဲ့ အစိတ်အပိုင်းတွေနဲ့ ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။
Samsung Galaxy ထုတ်ကုန်တွေမှာ စွန့်ပစ်ငါးဖမ်းပိုက်တွေကနေ ထုတ်ထားတဲ့ ပလတ်စတစ်ကို စတင် အသုံးပြုသွားမယ်လို့ ကုမ္ပဏီက ကြေညာလိုက်တာပါ။ သမုဒ္ဓရာထဲ အမှိုက်အနေနဲ့ ရောက်သွားမယ့် ပလတ်စတစ်ကို လူသုံးကုန်အဖြစ် ပြန်သန့်စင်ပြီး ထုတ်လုပ်ဖို့အတွက် Samsung က လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
Photo: Tech Crunch
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုတဲ့ အနေနဲ့ ဒီတစ်ပတ်ထွက်ရှိမယ့် ကုမ္ပဏီရဲ့ တန်ဖိုးကြီး Flagship ဖုန်းတွေမှာ Recycle လုပ်ထားတဲ့ အစိတ်အပိုင်းတွေ သုံးလာတာပါ။ ပလတ်စတစ်ရေဗူး ၊ ပလတ်စတစ်အိတ်တွေလိုမျိုး နေ့စဉ်သုံးပြီး စွန့်ပစ်နေတဲ့ အမှိုက်တွေကြောင့် သမုဒ္ဓရာဟာ အမှိုက်ပုံလို ဖြစ်လာနေတယ်လို့ ဆိုပါတယ်။
စွန့်ပစ်ခဲ့တဲ့ ငါးဖမ်းပစ္စည်းတွေကြောင့် ရေထုညစ်ညမ်းမှုအပြင် ရေနေသတ္တဝါတွေရဲ့ အသက်ပါ ခြိမ်းခြောက်လာနေပါတယ်။ ဒီထဲမှာ ဟာဝေယံ Monk Seal ပင်လယ်ဖျံလို မျိုးသုဉ်းမှုအန္တရာယ်ကြုံနေတဲ့ ရေနေသတ္တဝါများ သေဆုံးမှုလည်း ပါဝင်နေပါတယ်။ ပင်လယ်ပြင်မှာ နှစ်စဉ် တန်ချိန် ၆သိန်း ၄ သောင်းကျော် ရှိတဲ့ ငါးဖမ်းပိုက်တွေ စွန့်ပစ်မှုကလည်း သဘာဝပတ်ဝန်းကျင်ကို ပိုဆိုးရွားလာစေတယ်လို့ ဆိုပါတယ်။
Samsung ဟာ စွန့်ပစ်အမှိုက်ကို ထုတ်ကုန်သစ်တွေမှာ အသုံးပြုလာတဲ့ ပထမဆုံးကုမ္ပဏီတော့လည်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ထဲမှာ Microsoft ဟာ ပြန်သန့်စင်ထားတဲ့ ပလတ်စတစ် ၂၀% ပါတဲ့ Ocean Plastic Mouse ကို ကြေညာခဲ့ပါတယ်။