Samsung ရဲ့ Game Optimization Service (GOS) ဆိုတဲ့ app ကြောင့် ဖြစ်တာလို့လည်း ဆိုပါတယ်။

Samsung ထုတ် Galaxy ဖုန်းတွေမှာ Instagram နဲ့ TikTok အပါအဝင် ‌အန်းဒရိုက် App ထောင်ပေါင်းများစွာကို စွမ်းဆောင်ရည်လျှော့ထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။


တလောကမှ မိတ်ဆက်လိုက်တဲ့ Galaxy S22 ဖုန်းသစ်တွေအပါအဝင် Samsung ဖုန်းတချို့မှာ App Performance ကို အပြည့်အဝ သုံးမရအောင် လျှော့ထားတာ ဖြစ်တယ်လို့ GSMArena သတင်းက ဖော်ပြပါတယ်။ Samsung ဖုန်းတချို့မှာ ပါတဲ့ Samsung ရဲ့ Game Optimization Service (GOS) ဆိုတဲ့ app ကြောင့် ဖြစ်တာလို့လည်း ဆိုပါတယ်။ 





GOS ဟာ ဂိမ်းကစားနေချိန်မှာ System Performance ပိုင်းကို သွက်အောင် ချိန်ညှိပေးတဲ့အပြင် ဘက်ထရီသက်တမ်းခံဖို့ အပူထုတ်တဲ့စနစ်ကိုပါ အကောင်းဆုံးဖြစ်အောင် စီစဉ်ထားတာလို့ ကုမ္ပဏီက ပြောထားပါတယ်။ ဒီဝန်ဆောင်မှုရဲ့ ပြဿနာက ဂိမ်းမဟုတ်တဲ့ တခြား Apps တွေရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေပြီး Performance သိသိသာသာ ကျစေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပိုဆိုးတာက ဒီ App ကို Disable လုပ်ပြီး ပိတ်စရာ Option ပါမလာတာပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယား Tech ဖိုရမ်တစ်ခုဖြစ်တဲ့ Meeco ပေါ်က သုံးစွဲသူတွေဟာ Samsung GOS ကြောင့် Performance ကျသွားတဲ့ Apps ၁ သောင်းကျော်ရဲ့ စာရင်းကျော်ကို ထုတ်ပြန်ထားပြီး ဒီထဲမှာ Instagram ၊ TikTok ၊ Netflix ၊ Google Keep ၊ Spotify ၊ Snapchat စတဲ့ နာမည်ကြီး Apps တွေလည်း ပါဝင်နေပါတယ်။ Samsung ရဲ့ ကိုယ်ပိုင် Apps တွေ ဖြစ်တဲ့ Samsung Pay ၊ S‌amsung Cloud ၊ Secure Folder နဲ့ Bixby တို့လို Apps တွေလည်း Performance ချုပ်ခံရတဲ့အထဲမှာ ပါကြတယ်လို့ ဆိုပါတယ်။


ဖုန်း စွမ်းဆောင်ရည်တိုင်းတာတဲ့ 3DMark ၊ Antutu ၊ PCMark ၊ GFXBench နဲ့ GeekBench 5 တို့လို Benchmark apps တွေတော့ Performance လျှော့ခံရတဲ့အထဲမှာ မပါဘူးလို့လည်း သတင်းတွေက ဖော်ပြပါတယ်။ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ တချို့ Apps တွေကို Performance တမင်ချတာမျိုး ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကပဲ OnePlus ကုမ္ပဏီဟာ OnePlus 9 Pro မှာ နာမည်ကြီး Android app တချို့ရဲ့ စွမ်းဆောင်ရည်ကို သိသိသာသာ ကန့်သတ်ပြီး Benchmark ဂွင်ဆင်မှု လုပ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ 

Samsung ကတော့ Apps တွေရဲ့ စွမ်းဆောင်ရည် လျှော့ချမှု လုပ်ထားကြောင်း အသံတွေ ထွက်လာပြီးနောက်မှာ မကြာခင် Software Update တစ်ခု ဖြန့်ချိပြီး သုံးစွဲသူကိုယ်တိုင် Game App တွေ ဖွင့်နေချိန် စွမ်းဆောင်ရည်ကို ထိန်းချုပ်နိုင်အောင် လုပ်ပေးသွားမယ်လို့ ပြောထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က