Samsung ဟာ Galaxy Z Fold ဒုတိယမျိုးဆက်မော်ဒယ် ထုတ်လုပ်မှုကို တောင်ကိုရီးယားအပြင် တစ်ခြားနိုင်ငံတစ်ချို့မှာပါ ထုတ်လုပ်သွားဖို့ ရှိပါတယ်။
Elec ရဲ့ အဆိုအရ Samsung ဟာ ကမ္ဘာတစ်ဝှမ်းမှာ Galaxy Z Fold 2 ကို ဖြန့်ပြီး ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ Galaxy Z Fold 2 အများစုကို တောင်ကိုရီးယားနိုင်ငံ Gumi စက်ရုံမှာ ထုတ်လုပ်နေတာ ဖြစ်ပြီး အလုံးရေရဲ့ ၂၀% ကို Samsung ရဲ့ ဗီယက်နမ်စက်ရုံနဲ့ ဒီထက်နည်းတဲ့ ပမာဏကို ဘရာဇီးမှာ ထုတ်လုပ်သွားမယ်လို့ Elec သတင်းက ဖော်ပြထားပါတယ်။
Photo: Android Police
အရေအတွက်အားဖြင့် Samsung ဟာ Galaxy Z Fold 2 အလုံးရေ ၇ သိန်းနဲ့ ၈ သိန်းအကြား ထုတ်လုပ်သွားမှာ ဖြစ်ပြီး တစ်ပတ်နဲ့တစ်ပတ် ထုတ်လုပ်မှုပြောင်းလဲဖို့ စီစဉ်ထားပါတယ်။ ထုတ်လုပ်မှုအနေနဲ့ ဈေးကွက်ပေါ်လိုက်ပြီး အတိုးအလျှော့ရှိနိုင်ပါတယ်။ ဗီယက်နမ်မှာတော့ Galaxy Z Fold 2 အလုံးရေ ၁ သိန်း ၄ သောင်းနဲ့ ၂ သိန်းအကြား ထုတ်လုပ်သွားဖို့ ရှိပါတယ်။
ဘရာဇီးစက်ရုံရဲ့ ထုတ်လုပ်မှုကို နောက်လထဲမှာ စတင်သွားဖို့ ရှိပြီး ဒီနှစ်ထဲမှာ အလုံးရေ ထောင်ဂဏန်းပဲ ထုတ်လုပ်ဖို့ ရှိပါတယ်။ Galaxy Z Fold 2 ကို အနက်နဲ့ Mystic Bronze ကာလာ ၂ ရောင်နဲ့ ထုတ်ထားပြီး Mystic Bronze အလုံးအရေအတွက်ကို တိုးထုတ်ဖို့ ရှိပါတယ်။
Photo: ZDNet
Galaxy Z Fold 2 ကို ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်း Galaxy Unpacked Event ပွဲမှာ Galaxy Note 20 စီးရီးနဲ့အတူ မိတ်ဆက်ခဲ့တာပါ။ အထူးခြားဆုံး အပြောင်းအလဲတစ်ခုက အရံ Secondary Display ဆိုဒ်ကို ၄.၆ လက်မကနေ ၆.၂ လက်မအထိ တိုးမြှင့်လိုက်တာပါ။ အတွင်း ၇.၆ display ဟာလည်း 120Hz refresh rate ပါရှိပြီး Galaxy Z Flip လိုမျိုး foldable glass မှန် သုံးထားပါတယ်။
Samsung ဟာ စက်တင်ဘာ ၁ ရက် (ဒီနေ့) မှာ Galaxy Z Fold 2 ဈေးနှုန်း မိတ်ဆက်သွားဖို့ ရှိပြီး ယူကေဈေးကွက်မှာ ပေါင် စတာလင် ၁၈၀၀ (မြန်မာငွေ ၃၂ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ သတင်းထွက်နေပါတယ်။