Huawei Technologies ဟာ ဂျာမနီနိုင်ငံရဲ့ အကြီးဆုံး တယ်လီကွန်းကုမ္ပဏီတစ်ခု ဖြစ်တဲ့ Telefonica Deutschland နဲ့ သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
Deutsche Telekom ပြီးရင် ဂျာမနီနိုင်ငံရဲ့ ဒုတိယအကြီးဆုံး တယ်လီကွန်းအော်ပရေတာ ဖြစ်တဲ့ Telefoinca Germany ကုမ္ပဏီဟာ 5G အခြေခံအဆောက်အဦပိုင်းအတွက် လိုအပ်တဲ့ ကွန်ရက်ပစ္စည်းတွေကို Huawei နဲ့ ဖင်လန်နိုင်ငံမှ Nokia တို့ကနေ မှာယူသွားမှာ ဖြစ်ပြီး ဗျူဟာမြောက် မိတ်ဘက်တွေအဖြစ် ပူးပေါင်းလိုက်တာ ဖြစ်တယ်လို့ Japan Times က ဖော်ပြထားပါတယ်။

Photo: NYTimes
" ဂျာမနီနိုင်ငံရဲ့ တရားရေးစည်းမျဉ်းဥပဒေနဲ့အညီ ကုမ္ပဏီတွေနဲ့နည်းပညာ လုံခြုံရေး ထောက်ခံချက်အတိုင်း အခုလို ပူးပေါင်းဆောင်ရွက်တာပါ။" လို့ Telefonica Germany က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်က Deutsche Telekom ဘက်မှ တရုတ် suppliers တွေအပေါ် နိုင်ငံရေးမရေရာမှုတွေကြောင့် 5G ပစ္စည်းအစိတ်အပိုင်းသစ် မှာယူမှု ရပ်ထားတယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် Telefonica Deutschland နဲ့ Huawei တို့ သဘောတူစာချုပ်ချုပ်ထားကြောင်း သတင်းထွက်လာတာ ဖြစ်ပါတယ်။
Telefonica Deutschland ဟာ စပိန်တယ်လီကွန်းကုမ္ပဏီ Telefonica ပိုင် လုပ်ငန်းတစ်ခု ဖြစ်ပြီး လာမယ့်နှစ်မှာ 5G ကွန်ရက် အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်သွားမှာပါ။၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ Telefonica Deutschland အနေနဲ့ မြိုပေါင်း ၃၀ မှာ 5G ကွန်ရက် ဖြန့်ကျက်သွားဖို့လည်း မျှော်လင့်ထားပါတယ်။
Photo: Japan Times
အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတစ်ချို့ကတော့ Huawei ကို တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုအဖြစ် စိုးရိမ်မှုတွေ ရှိနေပြီး Huawei ဘက်ကလည်း ဒီအချက်ကို ထပ်တလဲလဲ ငြင်းဆန်ထားပါတယ်။ ဂျာမနီအာဏာပိုင်တွေကတော့ 5G ကွန်ရက်တည်ဆောက်ရေးမှာ Huawei ကို ဖယ်ထုတ်ဖို့ အမေရိကန်ဘက်က တိုက်တွန်းချက်တွေကို ပယ်ချထားပါတယ်။
တရုတ်နိုင်ငံဟာ ဂျာမနီရဲ့ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဘက်နိုင်ငံလည်း ဖြစ်တာကြောင့် စီးပွားရေးအကျိုးအမြတ်ကို အရင်ဆုံး ထည့်တွက်ပြီး တရုတ်အလိုကျ လိုက်လျောနေတာလို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။