ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ကစားပေးရင်းနဲ့ ဒဏ်ရာရရှိခဲ့တဲ့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်ကစားခဲ့တဲ့ စီးရီးအေနောက်ဆုံး (၃)ပွဲကို လွဲချော်ခဲ့ပြီး အေဂျက်ဇ်နဲ့ ချန်ပီယံလိဂ်ပွဲမှာမှ ပြန်လည်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူးရော်နယ်ဒိုက ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး အသင်းအတွက် ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ ပွဲမှာ သွင်းဂိုးနဲ့အတူ ပြန်လာနိုင်ခဲ့တဲ့အတွက် ဝမ်းသာကျေနပ်မိတယ်လို့ သူ့ရဲ့ အင်စတာဂရမ်ကတဆင့် ရေးသားပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ အေဂျက်ဇ်နဲ့ပွဲမှာ ဂျူဗီအတွက် ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းဂိုးနဲ့ သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ကစားပေးရင်းနဲ့ ဒဏ်ရာရရှိခဲ့တဲ့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်ကစားခဲ့တဲ့ စီးရီးအေနောက်ဆုံး (၃)ပွဲကို လွဲချော်ခဲ့ပြီး အေဂျက်ဇ်နဲ့ ချန်ပီယံလိဂ်ပွဲမှာမှ ပြန်လည်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အေဂျက်ဇ်နဲ့ပွဲအမီ ကြံ့ခိုင်မှုအပြည့်အဝရရှိအောင် အားထုတ်ခဲ့ပြီးနောက် ရော်နယ်ဒိုက မိနစ် (၉၀)အပြည့် ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။
ကန်ဆယ်လိုရဲ့ ဖြတ်တင်ပေးပို့မှုကို ရော်နယ်ဒိုက လှပတဲ့ခေါင်းတိုက်ချက်နဲ့ သွင်းဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်သွင်းဂိုးစုစုပေါင်းက (၁၂၅)ဂိုးအထိ ရှိလာခဲ့ပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပြိုင်ဘက်မရှိ ရပ်တည်နိုင်ခဲ့ပြီး မစ္စတာချန်ပီယံလိဂ်လို့ တင်စားခံရမှုအတိုင်း ရှိနေခဲ့ပါတယ်။
ရော်နယ်ဒိုက အင်စတာဂရမ်မှာ သူ့ရဲ့ ခေါင်းတိုက်ဂိုးသွင်းနေပုံနဲ့အတူ "အံ့အားသင့်ဖွယ်ရာ ပြိုင်ပွဲတစ်ခုမှာ နောက်ထပ်သွင်းဂိုးတစ်ဂိုးနဲ့အတူ ပြန်လာနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်" လို့ Caption ရေးသားပြီး တင်ထားခဲ့တာ ဖြစ်ပါတယ်။ အေဂျက်ဇ်နဲ့တွေ့တိုင်း ဂိုးသွင်းနိုင်လေ့ရှိတဲ့ စံချိန်ကိုလည်း ရော်နယ်ဒိုက ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဂျူဗင်တပ်စ်ဟာ ဒေးဗစ်နီရက်စ်ရဲ့ ချေပဂိုးကို ပြန်လည်ခွင့်ပြုပေးခဲ့ရပြီး သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အေဂျက်ဇ်က ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် နောက်ထပ်ဂိုးမသွင်းနိုင်လို့ တူရင်မှာ ကစားရမယ့် ဒုတိယအကျော့ကို အဝေးဂိုးအသာစီးနဲ့ ကစားနိုင်မှာလည်းဖြစ်ပြီး အဆိုပါပွဲမှာလည်း ရော်နယ်ဒို ဂိုးသွင်းနိုင်ဦးမလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။