ချယ်ဆီးကြယ်ပွင့် ဝီလီယံဟာ ဂျူဗင်တပ်အသင်းကို နည်းပြမူရီဇီယိုဆာရီကြောင့် ပြောင်းရွှေ့လိုတဲ့ဆန္ဒမရှိကြောင်း သူငယ်ချင်းဖြစ်သူကို ရင်ဖွင့်ခဲ့တယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဝီလီယံဟာ ချယ်ဆီးအသင်းနဲ့ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်ကစားသမားဖြစ်ပြီး လာမယ့်ဇန်နဝါရီလမှာ ပြည်ပကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့အတွက် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်ရရှိတော့မှာဖြစ်ပါတယ်။
ဂျူဗင်တပ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ဘရာဇီးလ်လက်ရွေးစင်ကြယ်ပွင့် ဝီလီယံကို စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသခဲ့ကြပြီး အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝီလီယံဟာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့နိုင်မယ့်အခွင့်အရေးကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။
Daily Express ရဲ့ ဖော်ပြချက်အရ ဝီလီယံဟာ ၎င်းရဲ့ သူငယ်ချင်းဖြစ်သူကို နည်းပြဟောင်းဆာရီရဲ့ ဘောလုံးကစားကွက်ကို စတန်းဖို့ဒ်ဘရစ်ဂျ်မှာကတည်းက မနှစ်သက်တာကြောင့် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ချယ်ဆီးနည်းပြသစ် ဖရန့်လမ်းပတ်ဟာ ဝီလီယံကို ချယ်ဆီးအသင်းမှာပဲ ဆက်လက်ရှိနေစေချင်ပြီး စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။ ဝီလီယံဟာ နောက်ဆုံးပွဲထွက်ပါဝင်ကစားခဲ့တဲ့ ၂ ပွဲမှာ ၂ ဂိုး သွင်းယူထားသူဖြစ်ပြီး နည်းပြလမ်းပတ်ရဲ့ ချယ်ဆီးအသင်းမှာ အဓိကကစားသမားတစ်ဦးဖြစ်ကြောင်း ပြသနိုင်ခဲ့သူဖြစ်ပါတယ်။
ယခုအပတ်အစောပိုင်းမှာ ဝီလီယံကို စာချုပ်အခြေအနေနဲ့ပတ်သက်ပြီး နောက်ဆုံးရသတင်းထူးများ ရှိလားလို့ သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ အခုလိုပဲ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။
“ဟင့်အင်း။ ဘာမှမရှိပါဘူး”
“ဒါပေမယ့် ကျွန်တော် အေးဆေးဖြစ်နေဆဲပါ။ ကျွန်တော် တည်ငြိမ်နေပါတယ်။ အသင်းကို ကျွန်တော် စောင့်ဆိုင်းနေတာပါ”လို့ ပြောကြားခဲ့ပါတယ်။