ရဲကဖမ်းဆီးစဥ် လူမည်းအမျိုးသား သေဆုံးမှုဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် မင်နီယာပိုလစ်မြို့ ရဲတပ်ဖွဲ့ကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲ့စည်းမယ်လို့ မြို့အုပ်ချုပ်ရေးကောင်စီ (Minneapolis City Council) က ကတိပြု ပြောကြားလိုက်ပါတယ်။
(Photo: Matt York/AP)
မြို့ရဲ့ ရဲဌာကို ဖျက်သိမ်းပြီး အသစ်ပြန်ဖွဲ့စည်းရန် ကောင်စီအဖွဲ့ဝင် ၁၃ ဦးအနက် ၉ ဦးက ဥပဒေစိုးမိုးရေးက လူမျိုးရေးခွဲခြားမှုရှိကြောင်း စွပ်စွဲခံထားရတဲ့ မင်နီယာပိုစ်မြို့မှာ အများပြည်သူလုံခြုံရေး ပုံစံသစ်တစ်ခုကို ဖွဲ့စည်းသွားမယ်လို့ ပြောခဲ့ပါတယ်။ အစောပိုင်းမှာတော့ မြို့တော်ဝန် Jacob Frey က ထိုသို့လုပ်ဆောင်ရန် ဆန့်ကျင်ခဲ့သေးပေမဲ့ မြို့ခံတွေက တိုက်တွန်းမှုတွေ ရှိလာခဲ့ပါတယ်။
မင်နီယာပိုလစ်မြို့မှာ လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်ဒ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့စဥ် ရဲအရာရှိတစ်ဦးရဲ့ လုပ်ရပ်ကြောင့် သေဆုံးခဲ့ရာမှာ အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြ ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ "မင်နီယာပိုလစ် ရဲဌာနကို ဖျက်သိမ်းဖို့နဲ့ ကျွန်မတို့ရဲ့ လူမှုအဖွဲ့အစည်းကို အမှန်တစ်ကယ် လုံခြုံမှုပေးတဲ့ အများပြည်သူလုံခြုံရေး ပုံစံသစ်တစ်ခု တည်ဆောက်ဖွဲ့စည်းဖို့ ကျွန်မတို့ ကတိပြုခဲ့ပါတယ်" လို့ ကောင်စီဥက္ကဌ လီဆာဘန်ဒါက CNN သတင်းဌာနကို ပြောပါတယ်။
(Photo: Lucas Jackson/Reuters)
ယခု ဆုံးဖြတ်ချက်ဟာ မင်နီယာပိုလစ်မြို့ကောင်စီအဖွဲ့ဝင် အများစုရဲ့ မဲဆန္ဒအရဖြစ်ကြောင်းနဲ့ ရဲဌာနကို ပြုပြင်ပြောင်းလဲရန် မဖြစ်နိုင်ဘဲ လက်ရှိ ရဲစနစ်ကို အဆုံးသတ်သွားရန် သဘောတူညီခဲ့ကြကြောင်း ကောင်စီအဖွဲ့ဝင် အေလွန်ဒရာကန်တိုက Twitter မှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့က မင်နီဆိုးတားပြည်နယ် မင်နီယာပိုလစ်မြို့မှာ ငွေအတုသုံးစွဲကြောင်း သတင်းနဲ့ဆက်စပ်ပြီး ရဲတပ်ဖွဲ့က အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဂျ်ကို ဖမ်းဆီးခဲ့ပါတယ်။ ထိုသို့ ဖမ်းဆီးစဥ်အတွင်း လက်ထိပ်ခတ်ထားပြီဖြစ်တဲ့ ဂျော့ဂျ်ကို မြေပြင်ပေါ်လှဲချကာ ရဲအရာရှိတစ်ဦးက လည်ပင်းကို ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့ရာမှ သေဆုံးသွားခဲ့ပါတယ်။
(Photo: Jordan Strowder/Anadolu/Getty Imagese)
ရဲအရာရှိက လည်ပင်းကို ဒူးခေါင်းဖြင့် ဖိနင်းထားစဥ် အသက်ရှူလို့ မရတော့ကြောင်း လူမည်းအမျိုးသားက တောင်းပန်ပြောကြားနေတဲ့ ဗီဒီယိုတွေ အွန်လိုင်းမှ ပျံ့နှံ့ခဲ့ပါတယ်။ ထို့နောက် မေ ၂၆ ရက် မွန်းလွဲပိုင်းက အဆိုပါဖြစ်ရပ်ကို မင်နီယာပိုလစ်မြို့မှာ ဆန္ဒပြမှုတွေ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ဆန္ဒပြမှုတွေဟာ နောက်ရက်တွေမှာလည်း ဆက်လက် ဖြစ်ပွားနေခဲ့ရာမှ ဆူပူအုံကြွမှုနဲ့ လုယက်ဖျက်ဆီးမှုတွေပါ ပေါ်ပေါက်လာခဲ့ပါတယ်။
ဂျော့ဂျ် သေဆုံးမှုဖြစ်ရပ်ကို ငြိမ်းချမ်းစွာ ဆန္ဒပြမှုအပြင် ဆူပူအုံကြွမှုတွေဟာ အမေရိကန်တစ်ဝှမ်းရှိ မြို့တွေမှာ ပျံ့နှံ့ဖြစ်ပွားနေခဲ့ပါတယ်။ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီအထိ ဆန္ဒပြ ဆူပူအုံကြွမှုတွေ ဖြစ်ပွားလာခဲ့ပြီး သမ္မတအိမ်ဖြူတော်အပြင်ဘက်မှာလည်း ဆန္ဒပြသူအုပ်စုနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့မှုတွေ ရှိခဲ့ပါတယ်။
(Photo: screengrab/AFP)
ဂျော့ဂျ် သေဆုံးမှုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့သူ အသက် ၄၄ နှစ်အရွယ် ရဲအရာရှိ Derek Chauvin ကို ဒုတိယဒီဂရီ လူသတ်မှုနဲ့ လူသေစေမှုတို့ဖြင့် စွဲချက်တင်ထားပါတယ်။ ထိုစဥ်က ၎င်းနဲ့အတူရှိနေခဲ့တဲ့ အခြား ရဲအရာရှိ သုံးဦးကိုလည်း အစောပိုင်းမှာ အလုပ်ထုတ်ခဲ့ပြီး စွဲချက်မတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ လူသတ်မှုမှာ အားပေးကူညီမှုဖြင့် စွဲချက်တင်ထားကြောင်း သိရပါတယ်။
ဂျော့ဂျ်ဖြစ်ရပ်ဟာ လတ်တလောအတွင်း ဂျော်ဂျီယာမှာ Amhaud Arbery နဲ့ ကင်တက်ကီမှာ Breonna Taylor အမည်ရှိ လူမည်းများ အပါအဝင် ရဲတပ်ဖွဲ့ကြောင့် လူအမည်းအမေရိကန်များ သေဆုံးရမှုအပေါ် ကာလရှည်ကြာ ဒေါသဖြစ်နေကြမှုကို ပိုမိုဆိုးရွားလာစေခဲ့ပါတယ်။ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာလည်း ထိုဖြစ်ရပ်အပေါ် မကျေနပ်ကြဘဲ ဆန္ဒပြမှု ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့ပြီး မြို့အများအပြားမှာ ညမထွက်ရအမိန့်များ ထုတ်ပြန်ခဲ့ရပါတယ်။
Source: AFP, BBC