အသက် (၁၇)နှစ်အရွယ်သာ ရှိသေးတဲ့ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီမှာကတည်းက ဆိုးလ်ရှားရဲ့ အသင်းကြီးဆီကို ခေါ်ယူခြင်းခံခဲ့ရပြီး ပီအက်စ်ဂျီကို အနိုင်ရရှိခဲ့ပွဲမှာ လူစားဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့လူငယ်တိုက်စစ်မှူးမာဆွန်ဂရင်းဝုဒ်ကို ငါးနှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် နီးစပ်နေပြီလို့ သိရပါတယ်။ အသက် (၁၇)နှစ်အရွယ်သာ ရှိသေးတဲ့ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီမှာကတည်းက ဆိုးလ်ရှားရဲ့ အသင်းကြီးဆီကို ခေါ်ယူခြင်းခံခဲ့ရပြီး ပီအက်စ်ဂျီကို အနိုင်ရရှိခဲ့ပွဲမှာ လူစားဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။
90 min ရဲ့ ဖော်ပြချက်အရ ခြေစွမ်းပိုင်းတိုးတက်ကောင်းမွန်မှုတွေရှိလာခဲ့တဲ့ ဂရင်းဝုဒ်ကို ယူနိုက်တက်က အသင်းမှာရေရှည်ဆက်ရှိနေစေဖို့အတွက် ရည်ရွယ်ပြီး စာချုပ်သစ်အတွက် ကြိုးပမ်းလာခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရာသီမှာ ဂရင်းဝုဒ်က ယူနိုက်တက်အသင်းကြီးအတွက် ပထမဆုံးဂိုးကို အက်စ်တာနာနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။
ပွဲကစားချိန် ၇၃ မိနစ်မှာ ဂရင်းဝုဒ်က သွင်းယူပေးခဲ့တာဖြစ်ပြီး နိုင်ပွဲရရှိဖို့ အခက်တွေ့နေချိန်မှာ သူ့ရဲ့သွင်းဂိုးနဲ့ အသင်းကို ကယ်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ကလပ်အသင်းတို့ကြားမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးပြီဖြစ်ကာ နှစ်ဖက်စလုံးက စာချုပ်သစ်ကို အလျင်အမြန်ပဲ အဆုံးသတ်ဖို့အတွက် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
စာချုပ်သစ်မှာတော့ ဂရင်းဝုဒ်အနေနဲ့ လုပ်ခလစာတိုးမြှင့်ရရှိဖွယ်ရှိနေပြီး အသင်းကြီးအတွက် ပိုမိုကစားပေးခွင့်ရရှိလာဦးမှာလည်း ဖြစ်ပါတယ်။ လက်ရှိယူနိုက်တက်တိုက်စစ်ပိုင်းမှာ မာရှယ်၊ ရက်ရှ်ဖို့ဒ်တို့ ဒဏ်ရာရရှိနေပြီး တိုက်စစ်မှူးစစ်စစ်အနေနဲ့ မာဆွန်ဂရင်းဝုဒ်တစ်ဦးတည်းသာ ရှိနေပြီး အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ ဂရင်းဝုဒ်ကို ပွဲထွက်ကစားသမားအဖြစ် မြင်တွေ့ရဖွယ်လည်း ရှိနေပါတယ်။