ဘင်္ဂလာဒေ့ရှ်ကနေပြီး ရခိုင်ကို ခိုးဝင်ပြန်လာတဲ့သူတွေကို Quarantine ကာလပြီးသွာတဲ့အခါမှာ အရေးယူဆောင်ရွက်မှုအပိုင်းတွေနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရကို တင်ပြထားပြီး ပြည်နယ်အစိုးရရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။
ရခိုင်မှာ ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်ပြန်လာတဲ့သူ (၁၇)ဦးထိရှိနေပြီး အဲဒီထဲကမှ (၂)ဦးမှာရောဂါပိုးတွေ့ရှိထားတာပါ။
နယ်စပ်လုံခြုံရေးဂိတ်တွေကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ထားသော်လည်း ခိုးဝင်လာတဲ့သူတွေက လူသူနေထိုင်မှုမရှိတဲ့ တောတောင်တွေထဲကနေခိုးဝင်ပြန်လာတာဖြစ်တဲ့အတွက် လုံခြုံရေးကို မထိန်းနိုင်ဘူးဖြစ်နေတယ်လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဦးစိုးအောင်က Duwun ကိုပြောပါတယ်။
“ ခိုးဝင်လာတဲ့သူတွေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရကို တင်ပြထားတယ်။ သူတို့ကဆောင်ရွက်ပါလိမ့်မယ်။အခုလိုခိုးဝင်လာမှုတွေမရှိအောင် လုံခြုံရေးကတိုးထားတယ်။လှည့်ကင်းပတ်ကင်းနဲ့ အင်အားတိုးလုပ်ဆောင်နေတာပဲ။ ဒါပေမယ့် အခုနောက်ဆုံးတွေ့ထားတဲ့ လူနာက လုံးဝလူမနေတဲ့ဘက် တောင်ကုန်းခြံစည်းရိုးတွေဖျက်ပြီး ဝင်လာတော့ ဘယ်လိုမှတားမရဘူး” လို့ ဦးစိုးအောင်ကပြောပါတယ်။
လူနာနံပါတ် (၂၃၄)နဲ့ (၂၄၄)က ဘင်္ဂလားဒေ့ရှ်ကနေခိုးဝင်ပြန်လာတဲ့ (၁၇)ဦးထဲက နှစ်ဦးပါ။
လူနာနံပါတ်(၂၃၄)က မေလ(၃၀)ရက်နေ့ ခိုးဝင်ပြန်လာတဲ့ (၅) ဦးထဲကတစ်ဦးဖြစ်ပြီး မနေ့ညကတွေ့ရှိတဲ့ လူနာနံပါတ်(၂၄၄)ကတော့ ဇွန်လ(၄)ရက်နေ့က ခိုးဝင်လာတဲ့ (၁၂)ဦးထဲက တစ်ဦးဖြစ်ပါတယ်။
အခုခိုးဝင်ပြန်လာတဲ့သူတွေက ယခင်နှစ်တွေက ရခိုင်အကြမ်းဖက်ဖြစ်စဉ်တွေဖြစ်တုန်း ထွက်ပြေးတိမ်းရှောင်သွားတဲ့သူတွေဖြစ်ပြီး COVID အတွင်း ဘင်္ဂလားဒေ့ရှ်မှာ ရောဂါကူးစက်မှုမြင့်တက်နေတာကြောင့် မြန်မာနိုင်ငံကိုခိုးဝင်ပြန်လာတာဖြစ်တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ဒီကနေ့မနက် စာရင်းအထိ အတည်ပြုလူနာ (၆၀,၅၀၄)ဦးရှိပြီး၊ ပြန်လည်ပျောက်ကင်းသူ (၁၄,၅၆၀)ဦးနဲ့ သေဆုံးသူ (၉၃၀)ဦးထိရှိနေပါတယ်။