e-Commerce ပလက်ဖောင်းတစ်ခု တည်ထောင်ပြီး ၅ နှစ်အကြာမှာ ကောလင်းဟွမ်ဟာ Alibaba တည်ထောင်သူ ဂျက်မားကို ကျော်ပြီး တရုတ်နိုင်ငံရဲ့ ဒုတိယမြောက်အချမ်းသာဆုံး သူဌေးကြီး ဖြစ်လာပါတယ်။
Forbes မဂ္ဂဇင်းရဲ့ အဆိုအရ အသက် ၄၀ အရွယ် ကောလင်းဟွမ်ဟာ ဒေါ်လာ ၄၅.၄ ဘီလျံ ချမ်းသာပြီး Tencent သူဌေး ပိုနီမား ပြီးရင် တရုတ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်လို့ ဆိုပါတယ်။ နှစ်စဉ် ကျင်းပနေကျ ဇွန်လ ၁၈ ရက် 618 နာမည်နဲ့ ပရိုမိုးရှင်းချတဲ့ ဈေးပွဲတော်မှာ ရောင်းအားမြင့်တက်ခဲ့ပြီးနောက် အခုလို ကောလင်းဟွမ်ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ထိုးတက်လာခဲ့တာ ဖြစ်တယ်လို့ Technode က ဖော်ပြထားပါတယ်။
Photo: TechNode
ဟွမ်ဟာ Google မှာ အင်ဂျင်နီယာအဖြစ် သုံးနှစ်ကြာ အလုပ်လုပ်ခဲ့သူ ဖြစ်သလို Microsoft မှာ အလုပ်သင်အဖြစ်လည်း အလုပ်ဝင်ခဲ့သူ ဖြစ်ပါတယ်။ Google က ထွက်ပြီးနောက် Ouku လို့ခေါ်တဲ့ လျှပ်စစ်နဲ့ လူသုံးကုန်ပစ္စည်း ရောင်းတဲ့ e-Commerce ဝက်ဘ်ဆိုက်တစ်ခု တည်ထောင်ခဲ့ပါတယ်။ Pinduoduo ကိုတော့ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။
Pinduoduo ပလက်ဖောင်းဟာ ဈေးသက်သာမယ့် ဒစ်စကောင့်တွေကြောင့် နာမည်ကြီးသလို Social Shopping အဖြစ်လည်း လူတွေ စုဝယ်လို့ ရအောင် လုပ်ထားတာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်မှာ Pinduoduo ရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၄၄ ဘီလျံ ရှိရာကနေ ဒီတစ်ပတ်တနင်္လာနေ့မှာ ဒေါ်လာ ၁၀၄.၈ ဘီလျံအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
Photo: capitalwatch
COVID-19 ဖြစ်ပွားနေချိန် Pinduoduo ကို တရုတ်မှာ အော်ဒါမှာယူမှုဟာ တစ်နေ့ကို သန်း ၅၀ ကနေ ၆၅ သန်းနီးပါး တိုးလာပါတယ်။ ၅ နှစ်အတွင်း Pinduoduo ဟာ ပြိုင်ဘက် JD.com ကို ကျော်တက်နိုင်ခဲ့ပြီး နိုင်ငံရဲ့ အကြီးဆုံး အွန်လိုင်းလက်လီပလက်ဖောင်း Alibaba ပြီးရင် အကြီးဆုံး e-Commerce ကုမ္ပဏီ ဖြစ်လာခဲ့တယ်လို့ Caixin Global က ဆိုပါတယ်။
ဟွမ်ဟာ Pinduoduo မှာ ရှယ်ယာ ၄၅%ပိုင်ဆိုင်ထားပါတယ်။ ဈေးရောင်းပွဲတော်အတွင်း Pinduoduo ပေါ်မှာ အော်ဒါမှာယူမှုဟာ ၁.၁ ဘီလျံကျော်ခဲ့ပြီး နှစ်စဉ်ဝယ်ယူသူ ၆၂၅ သန်း ရှိတယ်လို့ဆိုပါတယ်။ Caixin Global အစီရင်ခံစာမှာတော့ ကုမ္ပဏီအနေနဲ့ အကျိုးအမြတ်မရဘဲ ယခုနှစ် ပထမသုံးလပတ်မှာ ယွမ် ၄ ဘီလျံ (ဒေါ်လာ ၅၈၁.၈သန်း) အရှုံးပေါ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။