ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဂျော်ဂျီယာကို နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူရိုအုပ်စုပွဲအပြီးမှာ ကံကောင်းထောက်မစွာနဲ့ အကန်ခံရမယ့် အရေးကနေ လွတ်မြောက်သွားခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်က ရော်နယ်ဒို အဝတ်လဲခန်းထဲ သွားရောက်မယ့် လမ်းမှာ ဖြစ်ပွားခဲ့တာပါ။

ပွဲအပြီး ကွင်းထဲကနေ ထွက်ခွာလာတဲ့ ရော်နယ်ဒိုဆီကို ပရိသတ်တစ်ယောက်က ပွဲကြည့်စင်ပေါ်ကနေ ခုန်ဝင်လာခဲ့တာ ဖြစ်ပါတယ်။ ခြေထောက်နှစ်ချောင်းလုံး စုံထုတ်ပြီး ခုန်ဝင်လာတဲ့ ပရိသတ်ကို လုံခြုံရေးနှစ်ယောက်က လှမ်းမြင်လိုက်တာကြောင့် ရော်နယ်ဒိုကို ကာကွယ်နိုင်ခဲ့ပါတယ်။

ဒီပရိသတ်က ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ အခုလို ရော်နယ်ဒိုဆီ ချဉ်းကပ်ဖို့ ကြိုးစားခဲ့လဲဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ ပရိသတ်ပဲဖြစ်နိုင်ပြီး အခုလိုမျိုး မဟာအခွင့်အရေးကို လက်မလွှတ်ရအောင် ကြိုးစားခဲ့တာပါ။
ဒါပေမယ့် ပရိသတ်ကို လုံခြုံရေးနှစ်ယောက်က တားဆီးလိုက်နိုင်သလို သူကိုယ်တိုင်ကလည်း ရော်နယ်ဒိုရဲ့ ရှေ့မှာသာ လဲကျသွားခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ အနည်းငယ် အံ့အားသင့်ခဲ့ရပြီး စိတ်ပျက်သွားဟန်လည်း ရှိခဲ့ပါတယ်။
တူရကီနဲ့ပွဲမှာလည်း ပရိသတ်အချို့က ရော်နယ်ဒိုနဲ့ အနီးကပ်တွေ့ဆုံခွင့်ရဖို့ မကြာခဏ ကွင်းထဲပြေးဝင်ခဲ့တဲ့အတွက် ကွင်းလုံခြုံရေးတွေ အလုပ်ရှုပ်ခဲ့တာပါ။ အခုဖြစ်ရပ်မှာလည်း ကံကောင်းထောက်မစွာနဲ့ပဲ ရော်နယ်ဒိုတစ်ယောက် ပရိသတ်ဆီက ကွန်ဖူးကန်ချက်မိတော့မလို ဖြစ်သွားခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။