• Featured

    ဂရိမှာ ကိုဗစ်ကာကွယ်ဆေးမထိုးတဲ့ အသက် ၆၀ နဲ့အထက်တွေကို လစဥ် ငွေဒဏ်ရိုက်မည်

အသက် ၆၀ နှစ်အထက် လူဦးရေ ၅၂၀,၀၀၀ ကျော်က ကာကွယ်ဆေး မထိုးရသေးဘူးလို့ ဆိုပါတယ်

ဂရိနိုင်ငံက COVID-19 ကာကွယ်ဆေးကို အသက် ၆၀ နှစ်နဲ့အထက်တွေမှာ မဖြစ်မနေထိုးရန်အဖြစ် သတ်မှတ်သွားမှာဖြစ်ပြီး မထိုးသူတွေကို ငွေဒဏ်ရိုက်သွားမယ်လို့ ဆိုပါတယ်။

လာမယ့် ဇန်နဝါရီလလယ်မှစပြီး ကာကွယ်ဆေးထိုးရန် ငြင်းဆန်တဲ့ အသက် ၆၀ နဲ့အထက်တွေကို လစဥ် ယူရိုငွေ ၁၀၀ (မြန်မာကျပ်ငွေ ၂ သိန်းကျော်) ဒဏ်ရိုက်သွားမယ်လို့ ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis က ပြောပါတယ်။ ထိုငွေတွေကို ဆေးရုံတက်ရသူဦးရေ မြင့်တက်လာတာကြောင့် ရုန်းကန်နေရတဲ့ နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

image

(Photo: AFP via Getty Images)

ဂရိနိုင်ငံရဲ့ လူဦးရေ ၁၁ သန်းအနက် ၆၃ ရာခိုင်နှုန်းက COVID-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးဖြစ်ပေမဲ့ အချက်အလက်တွေအရ အသက် ၆၀ နှစ်အထက် လူဦးရေ ၅၂၀,၀၀၀ ကျော်ကတော့ ကာကွယ်ဆေး မထိုးရသေးဘူးလို့ သိရပါတယ်။ "အသက် ၆၀ အထက် ဂရိတွေ ပထမအကြိမ် ကာကွယ်ဆေးထိုးဖို့ ဇန်နဝါရီ ၁၆ ရက် နောက်ဆုံးထားပြီး စာရင်းပေးရပါမယ်၊ သူတို့က ကာကွယ်ဆေး မဖြစ်မနေ ထိုးရမှာပါ" လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အသက် ၆၀ နဲ့အထက်တွေ ကာကွယ်ဆေး မဖြစ်မနေထိုးရမယ့် စည်းမျဥ်းသတ်မှတ်ချက်ကို အတည်ပြုရန် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရအုံးမှာဖြစ်ပေမဲ့ လွှတ်တော်အမတ်တွေက ထောက်ခံကြမယ်လို့ မျှော်လင့်ထားပါတယ်။ ဥရောပဒေသတွင်း နိုင်ငံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကူးစက်ခံရမှုအန္တရာယ်မြင့်မားတဲ့ ဝန်ထမ်းတွေအတွက် COVID-19 ကာကွယ်ဆေး မဖြစ်မနေထိုးရန် သတ်မှတ်ထားခဲ့ပြီး ဂရိကတော့ အသက် ၆၀ နဲ့အထက် အသက်အရွယ်အုပ်စုကို ထိုသို့ သတ်မှတ်သွားမယ့် ပထမဆုံး ဥရောပနိုင်ငံ ဖြစ်လာမယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

(Photo: Bloomberg)

ဂရိနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီ Syriza က ယခု စည်းမျဥ်းသတ်မှတ်ချက်ဟာ ပြင်းထန်ကြောင်းနဲ့ ငွေရေးကြေးရေးအရ ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း ပြောဆိုခဲ့ပါတယ်။ ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis ကတော့ "ယခုဆုံးဖြတ်ချက်ဟာ ၎င်းအတွက် စိတ်မချမ်းမြေ့စရာဖြစ်ကြောင်း၊ သို့သော် ၎င်းတို့ကိုယ်တိုင် မနှစ်သက်ကြခဲ့ရင်တောင် ကပ်ရောဂါကြောင့် အထိခိုက်လွယ်ဆုံးသူတွေဘက်က ရပ်တည်ရန် အလေးအနက် တာဝန်ရှိတယ်လို့ ခံစားမိကြောင်း" ပြောပါတယ်။

ဂရိမှာ လက်ရှိအချိန်အထိ လူဦးရေ ၉၄၀,၀၀၀ နီပါး COVID-19 ကူးစက်ခံခဲ့ရပြီး ၁၈,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဥရောပဒေသတွင်း ဩစတြီးယားနိုင်ငံကလည်း ကာကွယ်ဆေး မဖြစ်မနေထိုးရန် စည်းမျဥ်းသတ်မှတ်ချက်ကို လာမယ့်နှစ် ဖေဖေါ်ဝါရီလမှာ စတင်ကျင့်သုံးရန် စီစဥ်ထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က