ဒီကနေ့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာခဲ့တဲ့ ဂရင်းဝုဒ်ရဲ့ချစ်သူ ရော့ဘ်ဆင်ရဲ့ သွေးထွက်သံယို ပုံရိပ်တွေကြောင့် ဝေဖန်မှုတွေ အပြင်းအထန်ခံနေရတဲ့ ဂရင်းဝုဒ်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အသက် (၂၀) အရွယ် အဆိုပါတိုက်စစ်မှူးဟာ ရော့ဘ်ဆင်ကို အိမ်တွင်းအကြမ်းဖက်မှု၊ အတင်းအဓမ္မ ဖိအားပေး လိင်ဆက်ဆံမှု (မုဒိမ်းမှု) တွေ ကျူးလွန်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပြီး ရော့ဘ်ဆင်ကလည်း အိမ်တွင်းအကြမ်းဖက်မှုနဲ့ ဂရင်းဝုဒ်ကို တိုင်ချက်ဖွင့်မယ်လို့ပြောထားပါတယ်။
ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့အနေနဲ့ ဒီမနက်ပိုင်းမှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ပတ်သက်လို့ သတိထားမိပါတယ်။ အခုချိန်မှာလည်း ဖြစ်စဥ်တခုလုံးအပေါ် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါပြီ” လို့ ပြောကြားထားတဲ့နောက် လက်ရှိအချိန်မှာလည်း ဂရင်းဝုဒ်ကို ထိန်းသိမ်းထားတယ်ဆိုတာ အတည်ပြုပေးခဲ့ပါတယ်။
ယူနိုက်တက်ကလည်း ဂရင်းဝုဒ်ကို အသင်းလူစာရင်းကနေ ယာယီဆိုင်းငံ့ထားလိုက်ပြီး နောက်ထပ်ကြေညာချက် တစုံတရာမထုတ်ပြန်ခင်အထိ ဂရင်းဝုဒ်အနေနဲ့ အသင်းမှာ လေ့ကျင့်ခန်းဆင်းခွင့်၊ ပွဲကစားခွင့်ရရှိမှာမဟုတ်ဘူးလို့ ဒီကနေ့ညမှာပဲ ချက်ချင်းကြေညာချက်ထုတ်ပြန်ထားပါတယ်။
ယူနိုက်တက်အသင်းဖော်တွေကလည်း ဂရင်းဝုဒ်ရဲ့သတင်းတွေအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေကြပြီး ရော်နယ်ဒို၊ ကာဗာနီ၊ ပေါ့ဘာ၊ ဒီဂီယာတို့က အင်စတာဂရမ်မှာ ဂရင်းဝုဒ်ရဲ့အကောင့်ကို unfollow လုပ်ခဲ့ကြပါတယ်။
ဂရင်းဝုဒ်ဟာ ပြစ်မှုသာထင်ရှားခဲ့ရင်တော့ ထောင်ဒဏ်ကျခံရနိုင်ခြေများပြားပြီး ယူနိုက်တက်ပရိသတ်တွေကလည်း ကွင်းတွင်းခြေစွမ်းဆိုးရွားနေချိန်မှာ အခုလို ပြင်ပလူမှုရေးပြဿနာတက်ခဲ့တဲ့ ဂရင်းဝုဒ်အပေါ် စိတ်ပျက်နေကြပါတယ်။