မိုးအေးတဲ့တနင်္ဂနွေညမှာ ပွဲကောင်းတွေ များများစားစားမရှိပေမယ့် ရှိတဲ့ပွဲတွေကပဲ ပြောစရာတွေရှိလာတယ်။ အဲဗာတန်နဲ့ဝက်စ်ဟမ်းပွဲက ထွေထွေထူးထူးပြောစရာမရှိ။ ဝက်စ်ဟမ်းက အဝေးကွင်းမှာ တစ်ဂိုးတည်းနဲ့ကပ်နိုင်ခဲ့တယ်။ နောက်ပြီး အဲ့ဒီပွဲနဲ့တစ်ချိန်တည်းလိုလို ကစားခဲ့တဲ့ လေဗာကူဆင်နဲ့ဘိုင်ယန်မြူးနစ်ပွဲရှိတယ်။

ဘိုင်ယန်မြူးနစ်က စောစောစီးစီးဂိုးရတယ်၊ ဂိုးမိုးရွာသွားတယ်။ ဒါပေမယ့် ဒါကအထွေအထူးပြောစရာမရှိ။ ပြောစရာရှိတာက (၈) မိနစ်အတွင်း (၄) ဂိုးသွင်းတာပဲ။ ပထမပိုင်းမှာတည်းက ပွဲကပြတ်သလောက်ဖြစ်သွားတယ်။ နောက်ပြီး ဒီပွဲနဲ့ပတ်သက်လို့ ပြောစရာရှိတာက ကွင်းတွင်းကကိစ္စမဟုတ်၊ ကွင်းပြင်ပ ဆိုရှယ်မီဒီယာပေါ်က လေဗာကူဆင်ရဲ့ ဆိုရှယ်မီဒီယာပဲ။

လေဗာကူဆင်ရဲ့ Social Media Team ကို လစာတိုးပေးသင့်တယ်ဆိုပြီး ပြောရလောက်အောင် သူတို့ရဲ့တွစ်တာမှာ စပါယ်ရှယ်ပွဲရှာခဲ့တယ်။ ဘိုင်ယန်မြူးနစ်နဲ့ပတ်သက်လို့လည်း သူတို့ကစားသမားကို ဘိုင်ယန်မြူးနစ်ဆီ မရောင်းဘူး ဘာညာနဲ့လုပ်ခဲ့သေးတယ်။ အခုဒီပွဲမှာတော့ ပထမပိုင်းတည်းက သူတို့ရဲ့တွစ်တာကို သွားကြည့်တာ ရယ်ချင်စရာပဲ။ အပြင်ကမျက်နှာတွေနဲ့မြင်ယောင်ကြည့်လိုက်ရင် ပြောစရာစကားမရှိဘဲ အင်တင်တင်ကြီးနဲ့ စိတ်ညစ်နေတဲ့မျက်နှာတွေပေါ့။
နယူးကာဆယ်နဲ့စပါးပွဲက ဒီညအတွက် နောက်ဆုံးပရီးမီးယားလိဂ်ပွဲ။ ပုံမှန်အားဖြင့် ဒီပွဲက စပါးအနိုင် ဒါမှမဟုတ် သရေ ဒါသည်အများဆုံးဖြစ်နိုင်တဲ့ရလဒ်ပါပဲ။ ဒါပေမယ့် ပိုင်ရှင်အသစ်လက်ထဲရောက်သွားတဲ့ ဒီအသင်းကိုမြင်ရတာ အရသာတစ်ခုပြောင်းလဲသွားသလို နည်းနည်းလေးတော့ခံစားရမှာပဲ။ ဒါပေမယ့် ပွဲအစလေးပါပဲ။ ဒီပွဲအတွက် နယူးကာဆယ်က သူတို့ပရိသတ်တွေကို လက်မှတ်အကုန်ရောင်းခဲ့ရတယ်။ ပွဲစစချင်းမှာတင်ပဲ နယူးကာဆယ်တို့ အဖွင့်ဂိုးရတယ်။
ကွင်းထဲရောက်နေတဲ့ ပိုင်ရှင်သစ်တွေထဲကတစ်ယောက်၊ ဒါရိုက်တာ အမန်ဒါစတဗ်လေက ဒီဂိုးအတွက် တော်တော်လေးဝမ်းသာနေတယ်။ ဘင်ဆာလ်မန်က အဓိကပိုင်ရှင်ပါ။ ရှယ်ယာကလည်း သူအများဆုံးပဲ။ ဒါပေမယ့် သူတို့ရဲ့ကွင်းပြင်ပ ကစားကွက်အခင်းအကျင်းကိုကြည့်ရတာ အသင်းရဲ့ Opertaion အကုန်လုံးကို ဒီအမျိုးသမီးကပဲ ကြိုးကိုင်မယ့်ပုံပါပဲ။
နူနိုဆန်တိုလက်ထဲက စပါးက တည်ငြိမ်မှုအားနည်းတဲ့အသင်းတစ်သင်းပါ။ ဒါပေမယ့် နယူးကာဆယ်ကလည်း အရမ်းကိုအားနည်းလွန်းပါတယ်။ သူတို့မှာ မက်ဆီမင်တစ်ယောက်ရှိတာကလွဲလို့ ကျန်တဲ့တစ်သင်းလုံးက အများကြီး အားကိုးလို့မရဘူး။ မက်ဆီမင်က ကစားရတော်တော်လေးကျပ်နေတာတောင် တစ်ကိုယ်တော် အနေအထားနဲ့ စပါးနောက်တန်းကို ဒုက္ခတွေပေးခဲ့သေးတယ်။
စတိဗ်ဘရုစ်အတွက်တော့ နည်းပြဘဝ ပွဲ (၁၀၀၀) ပြည့်မှာ ရှုံးသွားတာ စိတ်မကောင်းစရာပါ။ ဒါပေမယ့် သူတို့က ပိုင်ရှင်ပြောင်းသွားတာပဲရှိသေးတယ်။ အသင်းက ဘာမှမပြောင်း။ ပွဲစစချင်း အားနဲ့မာန်နဲ့ဝင်လာခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ စပါးကစားကွက်အောက် မြုပ်သွားတယ်။ အန်ဒွန်ဘီလီရဲ့ဂိုး၊ ဟာရီကိန်းရဲ့ဂိုးတွေမှာ နယူးကာဆယ်ဂိုးသမား ဒါလို လှုပ်ချိန်တောင်မရခဲ့ဘူး။
ဟာရီကိန်းအတွက် ဒီရာသီ ပထမဆုံးဂိုးရသွားတာလည်း ဝမ်းသာစရာပါ။ ဒါပေမယ့် ဒီပွဲမှာ ဟာရီကိန်းရသွားတဲ့ ပုံစံတူဂိုးမျိုးက နောက်တစ်ပွဲကျရင် လူကျွံနေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ VAR မို့လို့ပါပဲ။ ပထမပိုင်းပြီးခါနီးမှာမြင်တွေ့ခဲ့ရတဲ့ဖြစ်ရပ်ကတော့ သူတို့ဆီက လူသားဆန်မှုပေါ့။
ဒါမျိုးက ဒီလိုနိုင်ငံကြီးတွေမှာ အထွေအထူးပြောစရာမရှိပါဘူး။ မြင်တွေ့နေကျပါပဲ။ ကွင်းထဲမှာဆိုလည်း ကစားသမားအချင်းချင်း၊ ကစားသမားမှသည် ပရိသတ်၊ ပရိသတ်မှသည် ကစားသမား ဒီလိုလူသားဆန်မှုတွေကို မြင်တွေ့ရလေ့ရှိပါတယ်။ ဒီတစ်ခါဖြစ်ရပ်မှာတော့ ပွဲကြည့်စင်ပေါ်က ပရိသတ်နှလုံးရပ်သွားလို့ ရီဂွယ်လီယွန်က ကွင်းလယ်ဒိုင်ဆီအကြောင်းကြား၊ အဲရစ်ဒိုင်ယာက ဆေးအကူကို ကိုယ်တိုင်ခေါ်ပေးနဲ့ စိုးရိမ်စရာတွေကြားထဲက စိတ်အေးချမ်းစရာ လူသားဆန်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ စပါးက ၂-၃ ဂိုးနဲ့နိုင်သွားတယ်။ နယူးကာဆယ်သာနိုင်ခဲ့ရင်လည်း ပြောစရာတွေရှိမှာပဲ။ ဒါပေမယ့် တချို့အရာတွေက စိတ်ဓာတ်ရှိနေရုံနဲ့ အဆင်မပြေဘူး။ ဒီအသင်းက လိုအပ်ချက်တွေများနေတဲ့အသင်း။ ပွဲကြည့်စင်ပေါ်က အမန်ဒါကိုကြည့်ရတာ ဒီအသင်းကို ဘယ်လောက်ထိ မျှော်လင့်ထားလဲဆိုတာ သိသာပါတယ်။ သူတို့ ဘယ်လောက်အထိ အားဖြည့်ပေးမလဲ စောင့်ကြည့်ကြတာပေါ့။