ဒီဆိုင်လေးမှာ ချင်းရိုးရာဟင်းလျာတွေလည်းရနိုင်ပါတယ်။

မြန်မာထမင်းဟင်းကို ဟင်းပွဲမြိုင်မြိုင်၊ငပိရည်တို့စရာအစုံအလင်နဲ့ စားရတာနှစ်သက်သူတွေအတွက် စျေးတန်ပြီးဟင်းပွဲမြိုင်မြိုင်နဲ့စားနိုင်တဲ့ဆိုင်ကောင်းလေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။



ချင်းတိုင်းရင်းသားလူငယ်လေးရဲ့ အညာမြေအိုးထမင်းဆိုင်

အညာဒေသထမင်းဆိုင်မြင်ကွင်းလေးအတိုင်းပုံဖော်ထားတဲ့ဒီဆိုင်လေးကတော့ မြောက်ဒဂုံမြို့နယ်မှာဖွင့် လှစ်ထားတဲ့ဖိုးပြုံးချိုမြေအိုးထမင်းဆိုင်လေးပါ။ဒီဆိုင်လေးရဲ့ပဲ့ကိုင်ရှင်ကတော့ ချင်းတိုင်းရင်းသား လူငယ်တစ်ဦးဖြစ်ပါတယ်။ ထမင်းဆိုင်လုပ်ငန်းကိုဝါသနာပြီး အညာဓလေ့လေးတွေကိုမြတ်နိုးသူမို့ စိတ်ကူးထဲကအတိုင်း ဆိုင်လေးကိုလက်တွေ့အကောင်အထည်ဖော်ခဲ့တာလို့ ဆိုင်ရှင်ကိုဖြိုးဝေမန်းက ပြောပြပါတယ်။ ဆိုင်ဖွင့်တာ တစ်လ ဝန်းကျင်သာရှိသေးပေမယ့် တစ်ရက်ကို၆သိန်းဖိုးလောက်ရောင်းရတဲ့ အထိလူကြိုက်များနေပြီး စားသုံးသူတွေရဲ့ မှတ်ချက်ကောင်းတွေရရှိနေတဲ့ဆိုင်လေးပါ။

“ပုဂံမှာတွေ့ရတဲ့ အညာပုံစံမြေအိုးထမင်းဆိုင်လေးကိုသဘောကျတော့ ရန်ကုန်မှာအဲ့လိုထမင်းဆိုင်လေးဖွင့် ချင်တဲ့စိတ်ကူးလေးကိုအကောင်းအထည်ဖော်လိုက်တာပါ။ အညာပုံစံဟင်းချက်လေးတွေကို အဓိကရောင်းတယ်။ ပြီးတော့ ကျွန်တော်က ချင်းဆိုတော့ ချင်းရိုးရာဒေသဟင်းလေးတွေရယ် ကျွန်တော့်ဝန်ထမ်းကလေးတွေထဲမှာ ရခိုင်လည်းရှိတော့ ရခိုင်ရိုးရာဟင်းလေးတွေကို ကျွန်တော်ဆိုင်လေးမှာရပါတယ်။ ဆိုင်ဖွင့်တာတစ်လကျော်လောက် ရှိပြီ။ လာစားတဲ့ဖောက်သည်တွေကပဲ တစ်ဆင့်စကားတစ်ဆင့်ညွှန်းပေးကြလို့ တစ်ရက်ကို ၆သိန်းဖိုးလောက် ပုံမှန်လေးရောင်းရတယ်။”လို့ ဖိုးပြုံးချိုမြေအိုးထမင်းဆိုင်လေးရဲ့ ပိုင်ရှင်ကိုဖြိုးဝေမန်းကပြောပါတယ်။

ဟင်းပွဲမြိုင်မြိုင်ငပိတို့စရာအစုံအလင်နဲ့အဝစား၅၀၀၀ပါ

 မြေအိုးထမင်းဆိုင်ဆိုတဲ့အတိုင်း မြေအိုးလေးတွေနဲ့ ဟင်းလေးတွေကိုခင်းကျင်းပြသထားသလို အသားဟင်းတွေ ကိုလည်းမြေအိုးနဲ့သာအချိန်ပေးပြီးသေချာချက်ပြုတ်ထားတယ်လို့သိရပါတယ်။ နှစ်သက်ရာ အသားဟင်းတစ်မျိုး နဲ့ အရံဟင်း၅မျိုး ငပိရည်တို့စရာအစုံအလင်နဲ့ထမင်းအဝစားကိုမှ တစ်ဦးကို ၅,၀၀၀ကျပ်ဖြစ်ပါတယ်။ အရံဟင်း တွေထဲမှာလည်း အရည်သောက်၊ အသီးအရွက်ကြော်၊ အသုပ်၊ အထောင်းစသဖြင့် အမယ်စုံစုံပါ၀င်သလို ထမင်း စားပြီးရင်လည်း လက်ဖက်နဲ့အညာထန်းညက်တို့ကို အချိုပွဲအနေနဲ့ စားသုံးဖို့ချပေးတာကြောင့် အလှူအိမ်ကဧည့်သည်တစ်ဦးလို ခံစားချက်မျိုးကို ရစေနိုင်တဲ့ဆိုင်လေးပါ။ “အသားဟင်းအားလုံးကိုတော့ မြေအိုးနဲ့သေချာအချိန်ပေးပြီးချက်တယ်။ကျွန်တော်က အညာဓလေ့လေးတွေကို နှစ်သက်တော့ ဟင်းပွဲလေးတွေကို မြေအိုးနဲ့ပဲခင်းကျင်းပြတယ်။ ထည့်ပေးတဲ့ဟင်းခွက်လေးတွေကအစ မြေခွက်၊ သစ်သားခွက်လေးတွေနဲ့ ပြင်ဆင် ပေးထားပါတယ်။ တစ်နေ့ကိုဟင်း၁၅မျိုးလောက်ပုံမှန်ချက်တယ်။အရံဟင်းဆိုလည်း၅မျိုးလောက်ချက်တယ်။ငါးသလောက်တို့ငါးသလောက်ဥတို့ဆိုလည်း တစ်ပတ်မှာ၃ရက် လောက်ပါအောင်ချက်တယ်။ ငါးသလောက်ဥနဲ့စားလည်း၅၀၀၀ပါပဲ။ ဝါတွင်းဆိုတော့ သက်သက်လွတ်စားတဲ့ သူတွေလည်းအဆင်ပြေအောင် သက်သက်လွတ်ဟင်းလေးတွေလဲ စီစဥ်ပေးထားပါတယ်။”လို့ ဆိုင်ရှင်ကိုဖြိုး‌ဝေမန်း ကပြောပါတယ်။

င်းတစ်ပွဲပါဆယ်ဝယ်တာနဲ့အရံဟင်းငါးမျိုးလောက်အပိုထည့်ပေးတဲ့မြေအိုးထမင်းဆိုင်လေး

ဆိုင်မှာရောင်းတဲ့ဟင်းပွဲတွေထဲက ချင်းရိုးရာ ပြာရည်ဟင်းလေးတွေကတော့ ရန်ကုန်မှာတွေ့ရခဲတဲ့ဒေသလက် ရာဖြစ်ပါတယ်။ ပြောင်းဖူးရိုး၊ဌက်ပျောရွက်၊ဆပ်နီအရိုး၊ပင်စိမ်းဖူးတို့ကို အခြောက်ခံမီးရှို့ပြာချကာ ရေနဲ့ပြန်စစ် ချပြီးခံထားတဲ့ပြာရည်ကို နှစ်သက်ရာအသားငါးအသီးအရွက်တို့နဲ့ချက်ထားတဲ့ချင်းရိုးရာအစားစာကို ဒီဆိုင်လေးမှာရနိုင်ပါတယ်။ဒါ့အပြင် ဖက်ဖယ်အရွက်လိုမျိုးဒေသဟင်းခပ်အရွက်လေးတွေနဲ့ချက်ထားတဲ့ ဟင်းပွဲးလေးတွေလည်းရပါတယ်။ဟင်းချက်တဲ့အခါ ကြိုမချက်ထားပဲလေးငါးပွဲစာလောက်သာချက်ထားပြီး ကုန်တော့မှသာထပ်ချက်တာကြောင့် ပူပူနွေးနွေးစားသုံးနိုင်မှာပါ။ ဟင်းတစ်ပွဲပါဆယ် ဝယ်တာနဲ့ကျန်တဲ့အရံဟင်းတွေ၊ငပိတို့စရာတွေပါထည့်ပေးလို့ ပါဆယ်ဝယ်တဲ့သူတွေက နှစ်သက်ကြတယ် လို့လည်းသိရပါတယ်။ “ချင်းရိုးရာဟင်းလေးတွေဆိုလည်း ဒေသလက်ရာအိမ်ချက်ပုံစံလေး အတိုင်းစားလို့ရနိုင်အောင် ချက်ထားတာပါ။ ချင်းရိုးရာပြာဟင်းဆို အသားငါးနဲ့လည်းရတယ်။သက်သက်လွတ်စားတဲ့သူတွေအတွက်လည်း အသီးအရွက် ပြာရည်ဟင်းလေးတွေ ချက်ထားပေးပါတယ်။ အရံဟင်းထဲမှာဆိုလည်း ဒေသစာလေးတွေပါအောင်စီစဥ်ပြီး ချက်ပါတယ်။ဟင်းတစ်ပွဲပါဆယ်ဝယ်တာနဲ့ ကျွန်တော်တို့က အရံဟင်းတွေရော၊ငပိတို့စရာပါထည့်ပေးတော့ စားသုံးသူတွေကဒီနေ့အရံဟင်းဘာတွေရလဲ၊ဘယ်နှမျိုးချက်လဲနဲ့မေးကြတယ်။အရံဟင်းနဲ့ပတ်သက်လို့လည်း စားဝိုင်းကပိုတဲ့အရံဟင်းတွေဆိုလည်း လုံး၀ပြန်မသုံးဘူး စထည့်ပေးထဲကကုန်သလောက်လေး ထည့်ပေးပြီး လိုရင်ထပ်ပေးပါတယ်လို့” ပိုင်ရှင်ကိုဖြိုးဝေမန်းကပြောပါတယ်။

 မြေအိုးထမင်းဆိုင်လေးရဲ့နေရာကတော့

ဖိုးပြုံးချိုမြေအိုးထမင်းဆိုင်လေးရဲ့လက်ရာကိုမြည်းစမ်းကြည့်ချင်သူတွေအတွက် ဆိုင်လိပ်စာလေးကတော့ မြောက်ဒဂုံမြို့နယ်၊ဗိုလ်မင်းရောင်လမ်းမ (၄၀)စျေးအနီးမှာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက်၉နာရီကနေည ၉နာရီထိဖြစ်ပါတယ်။သန့်ရှင်းသပ်ရပ်တဲ့အပြင်အဆင်၊နွေးထွေးတဲ့ဝန်ဆောင်မှုနဲ့အမယ်စုံစုံဟင်းလက်ရာတွေကို မြည်းစမ်းနိုင်မယ့်ဆိုင်ကောင်းလေးမို့ ညွှန်းဆိုပေးလိုက်ပါတယ်။

Share

Loading Next Article...
က္က