ဒီတစ်ပတ်ထဲ မိတ်ဆက်မယ့် Honor ဖုန်းသစ်ဟာ ကိုယ်အပူချိန်တိုင်းစက်တစ်ခုလိုလည်း သုံးနိုင်မှာပါ။
Honor Play 4 Pro ဟာ ရှားပါးတဲ့ feature တစ်ခုကို လက်တွေ့ကျကျ သုံးလာမယ်လို့ teaser ဗွီဒီယိုတစ်ခုမှာ ပြထားပါတယ်။ Honor ရဲ့ တရုတ်နိုင်ငံက ထုတ်ကုန်မန်နေဂျာဟာ အသစ်ထွက်မယ့် Honor Play 4 Pro အကြောင်း ဗွီဒီယိုတစ်ခုကို မျှဝေခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ Honor ဖုန်းသစ်ဟာ လူရဲ့ ကိုယ်အပူချိန်ကို တိုင်းတာနိုင်တဲ့ အာရုံခံ sensor တစ်ခု ပါလာမယ်လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်းမှာ ဖုန်းတစ်လုံးရှိရုံနဲ့ ကိုယ်အပူချိန် တိုင်းလို့ ရမယ်ဆိုတဲ့အချက်ဟာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ Honor Play 4 Pro ဟာ OXP-AN00 code နာမည်နဲ့ ထွက်ထားတာ ဖြစ်ပြီး RAM 8GB ပါမယ်လို့ Geekbench မှာ ပြထားပါတယ်။ မျက်နှာပြင် ၆.၅၇ လက်မ display နဲ့ လာပြီး 4100mAh ဘက်ထရီကို သုံးသွားဖို့ ရှိပါတယ်။
Honor Play ထုတ်ကုန်မန်နေဂျာ ဝေရှောင်လောင်ရဲ့ အတည်ပြုချက်အရ Honor Play 4 စီးရီးဟာ 5G support ပေးထားတဲ့ Kirin 990 နဲ့ လာပြီး ကျောဘက် ကင်မရာ ၄ လုံး သုံးသွားမယ်လို့ ဆိုပါတယ်။ တီဗွီ ၊ အဲကွန်းနဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ထိန်းချုပ်နိုင်မယ့် အင်ဖာရက် port တစ်ခုလည်း ပါလာမှာပါ။ Honor Play 4 စီးရီးမှာ ထိတွေ့စရာမလိုတဲ့ အနီအောက်ရောင်ခြည် အပူချိန်တိုင်းစနစ်လည်း သုံးသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ အနီအောက်ရောင်ခြည် အဝေးထိန်းစနစ်နဲ့ လူရဲ့ ကိုယ်ခန္ဓာအပူချိန်ကို တိုင်းတာနိုင်မယ့် Thermopile sensor တစ်ခုလည်း ပါလာဖို့ ရှိနေပါတယ်။ Honor ဟာ Play 4 နဲ့ Play 4 Pro နှစ်မျိုးကို 5G ဖုန်းတွေအဖြစ် မိတ်ဆက်သွားမှာပါ။ Pro မော်ဒယ်မှာ dual punch-hole ဖြစ်တဲ့ 32MP နဲ့ 8MP sensor နှစ်လုံး သုံးသွားမှာ ဖြစ်ပြီး ဇွန်လ ၃ ရက်နေ့ ကြေညာသွားမှာ ဖြစ်ပါတယ်။