5G ကွန်ရက်တည်ဆောက်မယ့် အိန္ဒိယနိုင်ငံအနေနဲ့Huawei Technologies ကုမ္ပဏီကို ပိတ်ပင်တားမြစ်မှု မလုပ်ဖို့တရုတ်ဘက်မှ သတိပေးထားပါတယ်။
Reuters သတင်းအရ လာမယ့်လအနည်းငယ်အတွင်း အိန္ဒိယနိုင်ငံဟာ ပဉ္စမမျိုးဆက် 5G ကွန်ရက် တည်ဆောက်ဖို့စမ်းသပ်မှုတွေ လုပ်ဆောင်သွားဖို့ရှိပြီး တရုတ်တယ်လီကွန်းပစ္စည်းကုမ္ပဏီ Huawei ကို ဖိတ်ခေါ်မယ် မခေါ်ဘူးဆိုတာ မဆုံးဖြတ်ရသေးဘူးလို့နိုင်ငံရဲ့ တယ်လီကွန်းရေးရာ ဝန်ကြီး ရာဗီရှန်ကာပရာဆက်ဒ်ရဲ့ စကားကို ကိုးကားပြီး ဖော်ပြထားပါတယ်။ ဒီနောက်မှာတော့ တရုတ်နိုင်ငံခြားရေးရာ ဝန်ကြီးဌာနမှ ဘေဂျင်းမှာ ရှိနေတဲ့ အိန္ဒိယမှ တရုတ်သံအမတ် မစ္စတာ ဗစ်ခရမ်မစ်ဆရီကို ခေါ်ယူပြီး Huawei ကို ချန်လှပ်မထားဖို့သတိပေးမှု လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

Photo: southasiajournal
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့အိန္ဒိယမှ တရုတ်သံအမတ် မစ္စတာ မစ်ဆရီတို့တွေ့ဆုံပွဲမှာ တရုတ်အာဏာပိုင်များမှ အမေရိကန်အစိုးရအနေနဲ့တစ်ကမ္ဘာလုံးက 5G အခြေခံအဆောက်အဦပိုင်းမှာ Huawei ကို ဖယ်ရှားဖို့ကြိုးစားနေတဲ့ အကြောင်းပြောကြားခဲ့ပြီး အိန္ဒိယအနေနဲ့အမေရိကန်အစိုးရရဲ့ ဖိအားကြောင့် Huawei ကို ပိတ်ဆို့အရေးယူမယ်ဆိုရင် တရုတ်မှာ စီးပွားရေးလုပ်ကိုင်နေတဲ့ အိန္ဒိယကုမ္ပဏီတွေမှာလည်း Sanctions လုပ်ဖို့ရှိတယ်လို့သတိပေးခဲ့တာပါ။
Photo: Gulf News
လာမယ့် အိန္ဒိယရဲ့ 5G ကွန်ရက်အကောင်အထည်ပေါ်ရေးမှာလည်း အိန္ဒိယအစိုးရအနေနဲ့လွတ်လပ်ပြီး ဓမ္မဓိဌာန်ကျတဲ့ ဆုံးဖြတ်မှု လုပ်ဖို့နဲ့ တရုတ်နိုင်ငံက လုပ်ငန်းတွေရဲ့ ရင်းနှီးမြှပ်နှံမှုနဲ့လုပ်ငန်းလုပ်ဆောင်ချက်များအပေါ် ဘက်မလိုက်ဘဲ မျှတတဲ့ စီးပွားရေးအဝန်းအဝိုင်းတစ်ခု ဖော်ဆောင်ဖို့မျှော်လင့်ကြောင်းကို ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်အပေါ် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။
အိန္ဒိယလက်ယာယိမ်းပါတီတစ်ခုဖြစ်တဲ့ Bharatiya Janata ပါတီကတော့ Huawei ကို မှီခိုဖို့မသေချာဘူးလို့ဆိုပါတယ်။ အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဂျင်မ်ဘန့်ခ်ကတော့ တရုတ်ဟာ Huawei နဲ့သူ့ရဲ့ 5G အဆောက်အဦတွေကို သုံးပြီး အိန္ဒိယကို ခြိမ်းခြောက် အကြပ်ကိုင်နေပြီလို့Twitter မှာ ရေးတင်ထားပါတယ်။