အမေရိကန်အစိုးရဟာ နိုင်ငံ့လုံခြုံရေး စိုးရိမ်စရာမရှိတဲ့ ပြည်တွင်းက ထုတ်ကုန်တွေကို Huawei ဆီရောင်းချခွင့် ပေးသွားတော့မယ်လို့ဆိုပါတယ်။
အမေရိကန် စီးပွားကူးသန်းဌာနဟာ တရုတ်နည်းပညာကုမ္ဗဏီ Huawei နဲ့စီးပွားရေး ဆက်ဆံချင်တဲ့ ကုမ္ဗဏီတွေကို အထူးလိုင်စင်တွေ ထုတ်ပေးသွားမယ်လို့CNBC သတင်းမှာ ဖော်ပြထားပါတယ်။ ဒီသတင်းကို စီးပွားကူးသန်း အကြီးအကဲ ဝီလ်ဘာရော့စ်က သွင်းကုန်ကန့်သတ်မှူနဲ့လုံခြုံရေးဆိုင်ရာ နှစ်ပတ်လည်ကွန်ဖရင့်မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
Photo: Forbes
ပြီးခဲ့တဲ့လ G20 Summit မှာ သမ္မတဒေါ်နယ်ထရမ့်မှ အမေရိကန်ကုမ္ဗဏီတွေဟာ လုံခြုံရေး အန္တရာယ် မရှိစေဘူးဆိုရင် Huawei ကို ပစ္စည်းတွေ ဆက်လက်ရောင်းချနိုင်တယ်လို့ပြောခဲ့ပါတယ်။ ဒီပြောကြားချက် ထွက်ပေါ်လာပြီးနောက် မကြာခင်မှာ အမေရိကန် စီးပွားကူးသန်းဌာနမှ အခုလို အတည်ပြုခဲ့တာပါ။
လောလောဆယ်အထိတော့ ဘယ်လိုထုတ်ကုန်နဲ့ပစ္စည်းတွေပဲ ရောင်းချလို့ရမလဲဆိုတာ အသေးစိတ် မသိရသေးပါဘူး။ ဝီလ်ဘာရော့စ်ရဲ့ အဆိုအရ နိုင်ငံလုံခြုံရေး အန္တရာယ် ရှိနိုင် မရှိနိုင်ဆိုတာ ပထမဆုံး စစ်ဆေးပြီးမှ လိုင်စင်ထုတ်ပေးမယ်လို့ကြေညာထားပါတယ်။
ဂျပန်နိုင်ငံ အိုဆာကာမှာ ကျင်းပသွားတဲ့ G20 Summit မှာ အမေရိကန်ကုမ္ဗဏီတွေဟာ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှူ ဖြစ်စေမယ့် ပစ္စည်းအစိတ်အပိုင်းတွေ မပါသရွေ့Huawei ကို ရောင်းချနိုင်မယ်လို့ပြောသွားခဲ့ပါတယ်။ ဒါဟာ လက်ရှိ Huawei ပေါ် အမေရိကန်ကုမ္ဗဏီတွေ ပစ္စည်းရောင်းချခွင့် ပိတ်ထားတဲ့ ပိတ်ပင်မှူကို အဆုံးသတ်လိုက်တာ ဖြစ်ပေမယ့် Huawei ကို ကုန်သွယ်ရေးဌာနရဲ့ Entity List ကနေ ဖယ်ရှားဖို့ဆုံးဖြတ်ချက်ကတော့ ထပ်ပြီး ဆွေးနွေးရဦးမှာ ဖြစ်တယ်လို့ထရမ့်က ဆိုပါတယ်။
Photo: GSMArena
Huawei ဟာ အမေရိကန်စီးပွား ကူးသန်းဌာနရဲ့ Entity List ထဲမှာ ရှိနေဆဲ ဖြစ်ပြီး အမေရိကန်ဉာဏပိုင်ဆိုင်မှူ ခိုးယူခြင်း ၊ ဆန်ရှင်ကို ချိုးဖောက်ပြီး အီရန်နဲ့အရောင်းအဝယ်လုပ်ခြင်းတွေ ရှိတယ်လို့စွပ်စွဲခံထားရပါတယ်။