Google ဟာ Huawei နဲ့ စီးပွားရေးတွေ ပြန်လုပ်ခွင့်ရဖို့ အမေရိကန်အစိုးရကို လိုင်စင်ပြန်လျှောက်ထားနေတယ်လို့ ဆိုပါတယ်။
မကြာသေးခင်ကပဲ Google ဟာ Huawei ဖုန်းသစ်မှာ Google apps တွေ ကူးယူထည့်သွင်းခြင်း မလုပ်ဖို့ သုံးစွဲသူတွေကို သတိပေးခဲ့ပါတယ်။ အမေရိကန်ရဲ့ကုန်သွယ်ရေး ပိတ်ပင်မှုကြောင့် Huawei ဖုန်းသစ်တွေ ရင်ဆိုင်လာရတဲ့ အကြီးမားဆုံး ပြဿနာကတော့ Google Mobile Services (GMS) သုံးခွင့် မရတော့တာပါ။

Photo: unbox
နောက်ထပ်ကြားလာတဲ့ သတင်းသစ်မှာတော့ Huawei ဟာ မကြာခင်မှာ Google services တွေကို ကုမ္ပဏီရဲ့ ထုတ်ကုန်တွေမှာ သုံးနိုင်တော့မယ်လို့ ဆိုပါတယ်။ DPA သတင်းနဲ့ တွေ့ဆုံခန်းမှာ Google ဟာ Huawei နဲ့ စီးပွားရေးတွေ ပြန်စတင်နိုင်ဖို့ လိုင်စင်တစ်ခု လျှောက်ထားတယ်လို့ Android နဲ့ Google ဒုဥက္ကဌ ဆန်မီယာဆာမတ်က ပြောခဲ့ပါတယ်။
တကယ်လို့ အမေရိကန်အစိုးရဟာ Google ကို လိုင်စင်ထုတ်ပေးခဲ့မယ်ဆိုရင် အသစ်မိတ်ဆက်သွားမယ့် Huawei စမတ်ဖုန်းတွေဟာ Google ဝန်ဆောင်မှုတွေနဲ့ ထွက်လာဖို့ ရှိပါတယ်။ အိမ်ဖြူတော်ဟာ Huawei နဲ့ ကူးသန်းရောင်းဝယ်မှု လုပ်ချင်တဲ့ အမေရိကန်ကုမ္ပဏီတွေကို လိုင်စင်လျှောက်ထားခွင့်ပြုထားပါတယ်။
Photo: What Hi-Fi
ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ အမေရိကန်အစိုးရဆီဟာ Microsoft ကို Huawei နဲ့ စီးပွားရေးပြန်လုပ်ဖို့ လိုင်စင် ထုတ်ပေးခဲ့တာကြောင့် Huawei ထုတ် လက်ပ်တော့တွေနဲ့ Notebook တွေမှာ Windows နဲ့ တစ်ခြား Microsoft ဝန်ဆောင်မှုတွေ ပါဝင်လာခဲ့ပါတယ်။ Huawei ဟာ Google ဝန်ဆောင်မှုတွေ သုံးခွင့်မရတာကြောင့် Huawei Mate 30 စီးရီးနဲ့ နောက်ပိုင်းအသစ်ထွက်လာတဲ့ စမတ်ဖုန်းတွေမှာ Huawei Mobile Services (HMS) ကို သုံးလာခဲ့ပါတယ်။
ဒီရက်ပိုင်း မိတ်ဆက်သွားတဲ့ Huawei Mate Xs ခေါက်သိမ်းနိုင်စမတ်ဖုန်းနဲ့ Honor 9X Pro တို့မှာလည်း Play Protect ထောက်ခံချက် မပါဘဲ ကိုယ်ပိုင် HMS နဲ့ ထွက်လာခဲ့တာပါ။ တကယ်လို့ Google သာ အမေရိကန်အစိုးရဘက်က လိုင်စင်ရခဲ့မယ်ဆိုရင် မတ်လထဲမှာ မြင်ရမယ့် Huawei P40 ဖုန်းသစ်တွေကို Play Protect Certified ရ ဖုန်းတွေအဖြစ် မြင်ရဖို့ ရှိပါတယ်။