• Huawei နဲ့ ZTE 5G နည်းပညာသုံးစွဲမှု ကနေဒါအစိုးရ ပိတ်ပင်

Five Eye ထဲမှာ Huawei ၊ ZTE တို့ကို ပိတ်တဲ့ နောက်ဆုံးနိုင်ငံပါ

အမျိုးသားလုံခြုံရေး ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ တရုတ်တယ်လီကွန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Huawei နဲ့ ZTE တို့ကို နိုင်ငံရဲ့ 5G ကွန်ရက်တွေကနေ ဖယ်ထုတ်သွားမယ်လို့ ကနေဒါအစိုးရဘက်က ထုတ်ပြန်ပါတယ်။ 

"ကျွန်တော်တို့ရဲ့ 5G ကွန်ရက်တွေကနေ Huawei နဲ့ ZTE တို့ကို ဖယ်ထုတ်သွားဖို့ စီစဉ်ထားပါတယ်။" လို့ စက်မှုဝန်ကြီး Francois- Philippe Champagne က အော့တိုဝါမြို့မှာ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။ 

"ဒီ (Huawei / ZTE ) ပစ္စည်းအစိတ်အပိုင်းတွေ တပ်ဆင်ထားတဲ့ ကွန်ရက်ထောက်ပံ့သူတွေဟာ ဒီနေ့ ကျွန်တော်တို့ ကြေညာချိန်က စပြီး အဲ့ဒီပစ္စည်းတွေ သုံးစွဲတာ ရပ်တန့်ပြီး အစီအစဉ်အတိုင်း ဖယ်ရှားရမှာ ဖြစ်ပါတယ်။"လို့လည်း ပြောပါတယ်။ 

image


ကနေဒါဟာ Huawei Technologies နဲ့ ZTE တို့ရဲ့ 4G ၊ 5G တယ်လီကွန်းပစ္စည်းအသုံးပြုမှု ပိတ်ပင်ထားတဲ့ Five Eye ထောက်လှမ်းရေး သတင်းမျှဝေရေးကွန်ရက်ဝင် နိုင်ငံတစ်ခုအဖြစ် ပါဝင်လာတာ ဖြစ်ပါတယ်။ Five Eyes လို့ ခေါ်တဲ့ သတင်းအချက်အလက် ထောက်လှမ်းမျှဝေရေး မဟာမိတ် ၅ နိုင်ငံထဲမှာ ဩစတြေးလျ ၊ ကနေဒါ ၊ နယူးဇီလန် ၊ အမေရိကန်နဲ့ ယူကေတို့ ပါဝင်နေပြီး ဒီ ၅ နိုင်ငံစာ နိုင်ငံ့လုံခြုံရေးအရ Huawei နဲ့ ZTE နည်းပညာတွေ ပိတ်ပင်ထားပါတယ်။ 

ကနေဒါဟာ Huawei ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် မန်ဝမ်ကျိုးကို အမေရိကန်ရဲ့ ဝရမ်းနဲ့ ၂၀၁၈ ဒီဇင်ဘာက စလို့ နိုင်ငံအတွင်း ၃ နှစ်နီးပါး ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒီကိစ္စကြောင့် အနောက်နိုင်ငံတွေနဲ့ ဘေဂျင်းအစိုးရအကြား နိုင်ငံရေးတင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ Huawei နဲ့ ZTE တို့ကို နိုင်ငံ့ကွန်ရက်ကနေ ဖယ်ထုတ်ရတဲ့ အကြောင်းရင်းကို ဝန်ကြီး Francois-Philippe Champagne က အော့တိုဝါသတင်းစာရှင်းလင်းပွဲမှာ "ကျွန်တော်တို့ အစိုးရအနေနဲ့ ကနေဒါနိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ ဘေးကင်းမှုတွေကို အမြဲအကာအကွယ်ပေးသွားမှာပါ။ အရေးကြီးတဲ့ တယ်လီကွန်းအခြေခံအဆောက်အဦတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ ဘယ်လိုလုပ်ရပ်မျိုးမဆို လုပ်ဆောင်သွားမှာပါ" လို့ ပြောခဲ့ပါတယ်။ 

ကနေဒါအစိုးရရဲ့ ထုတ်ပြန်ချက်အပေါ် Huawei ဘက်က စိတ်ပျက်ရပေမယ့် အံ့ဩစရာတော့ မရှိကြောင်း တုံ့ပြန်ပါတယ်။ "အစိုးရအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ချဖို့ ဒီလောက်အချိန်ယူခဲ့ရတာပဲ အံ့ဩရပါတယ်။"လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ Alykhan Velshi က The Guardian ကို ပြောခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်နောက်ကွယ်မှာ အမေရိကန်ပြည်ထောင်စုဆီက နိုင်ငံရေးဖိအားတွေ အဓိကပါမယ်လို့ ယူဆကြောင်းပါ သူက ပြောပါတယ်။ 

ကနေဒါရဲ့ အကြီးဆုံးကြိုးမဲ့ဆက်သွယ်ရေး ထောက်ပံ့သူနှစ်ဦးဖြစ်တဲ့ Bell နဲ့ Telus တို့ဟာ မျိုးဆက်သစ် 5G ကွန်ရက် တည်ဆောက်ရေးအတွက် ၂၀၂၀ ထဲမှာ Ericsson နဲ့ Nokia အစိတ်အပိုင်းတွေကို ပြောင်းလဲ အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး Telecom Provider ပြောင်းပေမယ့် တယ်လီကွန်းအော်ပရေတာနှစ်ခုလုံးဟာ အရင် 4G ကွန်ရက်ပေါ်မှာ Non-Standalone 5G ကွန်ရက်တွေ ပေါင်းစည်းတပ်ဆင်ဖို့အတွက် Huawei 5G ပစ္စည်းတချို့ကို သုံးထားကြတယ်လို့လည်း ဆိုပါတယ်။ 




Bell နဲ့ Telus တို့ရဲ့ 4G ကွန်ရက်တွေကိုလည်း Huawei ပစ္စည်းအစိတ်အပိုင်းတွေ အသုံးပြုပြီး တည်ဆောက်ထားကြတာပါ။ ၂၀၁၈ ခုနှစ်က စလို့ Huawei ဟာ ကနေဒါအော်ပရေတာတွေကို ဒေါ်လာသန်း ၇၀၀ ကျော်ဖိုး ပစ္စည်းတွေ ရောင်းချခဲ့ပြီး အများစုက Bell နဲ့ Telus တို့ကို ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။ Huawei နဲ့ ZTE ပစ္စည်းတွေ ကွန်ရက်ကနေ ဖဘ်ရှားရမယ်ဆိုရင် အခွန်ထမ်းတွေအတွက် သက်သာခွင့်ပေးဖို့ ဒီအော်ပရေတာနှစ်ခုလုံးဟာ ဖက်ဒရယ်အစိုးရဆီ အရင်က ချဉ်းကပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ရှိပြီးသား ကွန်ရက်ပစ္စည်းတွေကို ဖယ်ရှားရမယ်ဆိုရင် အဆုံးအရှုံးများသွားနိုင်တယ်လို့လည်း ကနေဒါအော်ပရေတာတစ်ခု ဖြစ်တဲ့ Iristel ရဲ့ အမှုဆောင်အရာရှိချုပ်က ပြောထားပါတယ်။ ကနေဒါစက်မှုဝန်ကြီး Champagne ကတော့ အော်ပရေတာတွေအနေနဲ့ Huawei ၊ ZTE ကွန်ရက်ပစ္စည်းတွေကို ကိုယ့်စရိတ်နဲ့ကိုယ် ဖယ်ရှားရမယ်လို့ ဆိုပါတယ်။ လက်ရှိ Huawei နဲ့ ZTE 5G ပစ္စည်းအစိတ်အပိုင်းတွေကို ၂၀၂၄ ဇွန်လ ၂၈ ရက်နေ့ နဲ့ 4G ကွန်ရက်ပစ္စည်းတွေကိုတော့ ၂၀၂၇ ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှား ၊ ဖျက်သိမ်းရမှာ ဖြစ်မယ်လို့လည်း ညွှန်ကြားထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က