ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်ပြီး ပစ်မှတ်ထားစွပ်စွဲခံထားရတဲ့ Huawei ဟာ နောက်ယောင်ခံနည်းပညာကို ထုတ်ကုန်တွေမှာ သုံးစွဲခြင်း မရှိဘူးလို့MWC 2019 ပွဲမှာ ကုမ္ပဏီရဲ့ အလှည့်ကျ chairman ဖြစ်သူ Guo Ping က ပြောခဲ့ပါတယ်။
နိုင်ငံတကာက professional နဲ့ဂျာနယ်လစ်ပေါင်း ၁၀၇၀၀၀ ကျော် တက်ရောက်လာတဲ့ MWC 2019 ပွဲမှာ မစ္စတာ Guo Ping မှ နည်းပညာပိုင်း ပံ့ပိုးတဲ့ provider တစ်ခုအနေနဲ့Huawei ဟာ ဆက်သွယ်ရေးထုတ်ကုန်တွေကို ဘေးကင်းလုံခြုံအောင် တည်ဆောက်ဖို့စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ဖို့တာဝန်ယူထားတယ်လို့ဆိုပါတယ်။ တယ်လီကွန်း vendor တစ်ယောက်အနေနဲ့အော်ပရေတာတွေရဲ့ ကွန်ရက်ပိုင်းကို ကိုင်တွယ်တာမျိုး မလုပ်သလို ဒီ carriers တွေရဲ့ အချက်အလက်ကိုလည်း မပိုင်ဆိုင်ဘူးလို့သူက ဆိုပါတယ်။

Photo: ZDNet
"ကျွန်တော်တို့ကတိပေးထားတဲ့ တာဝန်ယူမှုကတော့ ကျွန်တော်တို့မဟုတ်တာ ဘာမှ မလုပ်ဘူးဆိုတာပါပဲ။ ဒါကို ရှင်းအောင် ပြောရမယ်ဆိုရင် Huawei ဟာ နောက်ယောင်ခံတာမျိုး မလုပ်သလို နောက်ယောင်ခံတဲ့ ပစ္စည်းတွေ ထည့်သွင်းတာမျိုးလည်း လုပ်မှာ မဟုတ်ပါဘူး။ ဒီလိုမျိုး ခြေရာခံထောက်လှမ်းတာမျိုး ကျွန်တော်တို့ပစ္စည်းတွေထဲမှာ ဘယ်သူ့ကိုမှလည်း လုပ်ခွင့်ပေးမှာ မဟုတ်ပါဘူး" လို့သူက ပြောပါတယ်။
Huawei ဟာ 5G ကွန်ရက်ဖော်ဆောင်ရေးမှာ အကြီးအကျယ် လုပ်ဆောင်နေတဲ့ ပထမဆုံးကုမ္ပဏီ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ထဲမှာ 5G သုတေသနအတွက် ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှပ်နှံထားပြီး 5G ပညာရှင်အင်ဂျင်နီယာပေါင်း ၅၀၀ ကျော်နဲ့အကောင်အထည်ဖော်နေတာပါ။ လက်ရှိ တစ်ကမ္ဘာလုံးမှာ Huaewi ဟာ 5G သုတေသနစင်တာပေါင်း ၉ ခုအထိ ရှိနေတယ်လို့လည်း ဆိုပါတယ်။
Photo: Duwun Tech
Huawei ရဲ့ အဆိုအရ ကုမ္ပဏီရဲ့ 5G ကွန်ရက်ဟာ 14Gbps ကျော်ထိ ရောက်မယ်လို့ဆိုပါတယ်။ ဖိုက်ဘာချိတ်ဆက်မယ်ဆိုရင် Huawei ဟာ bandwidth ကို ချဲ့ပြီး 200 Gbps အထိ မြှင့်နိုင်ပြီး ဖိုက်ဘာမရချိန် သာမန်မိုက်ခရိုဝေ့ဖ်မှာကို Huawei ဟာ bandwidth ကို 20Gbps အထိ မြှင့်နိုင်မယ့် နည်းပညာသစ်ကို သုံးထားတယ်လို့ကြေညာထားပါတယ်။
စပိန်နိုင်ငံ ဘာစီလိုုနာမြို့မှာ ဖေဖော်ဝါရီ ၂၅ ရက်ကနေ ၂၈ ရက်နေ့အထိ ကျင်းပနေတဲ့ MWC 2019 ပွဲမှာ Huawei ဟာ 5G ကွန်ရက်ချိတ်ဆက်နိုင်ပြီး ခေါက်သိမ်းနိုင်တဲ့ Huawei Mate X ကိုလည်း မိတ်ဆက်ပြသခဲ့ပါတယ်။