Huawei ဟာ လာမယ့်စက်တင်ဘာလထဲမှာ Watch GT 2 Pro စမတ်နာရီကို ကြေညာသွားမယ်လို့ သတင်းပြေးနေပါတယ်။
Huawei Watch GT 2 Pro စမတ်နာရီသစ်ကို နိုင်ငံအများအပြားမှာ ထောက်ခံချက်ရထားပါတယ်။ ဒီထဲမှာ အမေရိကန်မှ FCC ၊ ဥရောပမှ ECC ၊ မလေးရှား SIRIM နဲ့ စင်ကာပူ IMDA စတဲ့ အေဂျင်စီတွေဆီက ထောက်ခံချက်ပါ ရထားတာ ဖြစ်ပါတယ်။ Watch GT 2 Pro ကိုVID-B19 ဆိုတဲ့ မော်ဒယ်နံပါတ်နဲ့ တင်ထားတာပါ။

Photo: Gizmochina
ဒီနာရီရဲ့ key features ထဲက တစ်ခုကတော့ 10W wireless charging ပံ့ပိုးသွားမယ်ဆိုတာပဲ ဖြစ်ပါတယ်။ Gizmochina သတင်းအရ ဘက်ထရီပါဝါဟာ အရင်နှစ်က ထွက်ခဲ့တဲ့ Huawei Watch GT 2 လိုပဲ 455mAh သုံးသွားမယ်လို့ ဆိုပါတယ်။ Huawei Watch GT 2 ဟာ standby မှာ ၂ ပတ်အထိ ဘက်ထရီပါဝါအသုံးခံမယ်လို့ ကြေညာထားတဲ့ နာရီ ဖြစ်ပါတယ်။
Pro မော်ဒယ်မှာတော့ Watch GT 2 နဲ့ Watch GT 2e တို့ထက် ဈေးပိုမြောက်မှာ ဖြစ်သလို features တွေလည်း ပိုစုံမှာပါ။ ဒီဇိုင်းအနေနဲ့ အရင်မော်ဒယ်တွေလိုပဲ စက်ဝိုင်းပုံ နာရီအိုးနဲ့လာပြီး အရွယ်အစားပိုများလာမယ်လို့ ဆိုပါတယ်။ စက်တင်ဘာလထဲမှာ Huawei Watch GT 2 Pro နဲ့အတူ Honor ကလည်း Honor Watch GS Pro နာရီသစ်ကို မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။
Huawei ရဲ့ ပရီမီယံ Mate series စမတ်ဖုန်းတွေ မိတ်ဆက်မယ့် အောက်တိုဘာလထဲမှာ Huawei Mate 40 series နဲ့အတူ Mate Watch စမတ်နာရီတွေလည်း ကြေညာသွားဖို့ ရှိပါတယ်။