အစိုးရတာဝန်ရှိသူတွေက ကုမ္ပဏီကနေ ရှယ်ယာတွေပြန်ဝယ်ပေးမယ်လို့ ပြောထားပေမယ့် ထူးခြားမှုမရှိတာကြောင့် ဆန္ဒပြသွားမှာဖြစ်ပြီး ထပ်ပြီးထူးခြားမှုမရှိပါက အစိုးရတာဝန်ရှိသူတွေကိုရော၊ YUPT ကုမ္ပဏီကိုပါ တရားစွဲသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
YBS ယာဉ်လိုင်းများပြေးဆွဲနေတဲ့ အများပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ YUPT ကုမ္ပဏီနဲ့ ရှယ်ယာရှင်တွေကြားမှာ ကုမ္ပဏီဘက်က (၃) နှစ်ဆက်တိုက် အမြတ်ငွေမပေးတာနဲ့ ပတ်သက်လို့ ရှယ်ယာရှင်တွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ ရှယ်ယာရှင်တွေက ကုမ္ပဏီကိုအမြတ်ငွေတွေ ပြန်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရှယ်ယာတွေကို အစိုးရဘက်ကပြန်ဝယ်ပေးမယ်လို့ပြောဆိုထားပေမယ့် ယနေ့ထိထူးခြားမှုမရှိသေးတာကြောင့် ရှယ်ယာရှင်တွေဘက်က ဆန္ဒပြတောင်းဆိုသွားမယ်လို့သိရပါတယ်။
photo- YUPT Public Co.,Ltd
“ ရှယ်ယာရှင်အားလုံးရဲ့ ဆန္ဒအတိုင်း ဖေဖော်ဝါရီလ(၃)ရက်နေ့လောက်ကို ဆန္ဒထုတ်ဖော်ဖို့ အားလုံးစီစဉ်ထားတယ်။ ဒေါ်နီလာကျော်က နိုဝင်ဘာလ(၁)ရက်နေ့က ရှယ်ယာရှင်တွေနဲ့ တွေ့ဆုံပြီး ကုမ္ပဏီရှယ်ယာတွေကို ပြန်ဝယ်မယ်လို့ သူကိုယ်တိုင်ပြောခဲ့တာ။ ကျွန်မကတော့ ရှယ်ယာရှင်တွေအားလုံးကိုသနားပါတယ်။ အမြန်ဆုံးဆောင်ရွက်ပေးပါမယ်၊ ဝန်ကြီးချုပ်ကိုလည်းကျွန်မပြောပြီး ရှယ်ယာတွေကို အမြန်ဝယ်ဖို့ကတိပေးပါတယ်ဆိုပြီး သူပြောခဲ့တာ။ ဝန်ကြီးချုပ်ကိုလည်း ကျွန်တော်တို့ကိုယ်တိုင်စာတင်ထားတယ်။ ဘာမှမထူးလို့ အခုလိုဆန္ဒပြဖို့ ဆောင်ရွက်တာပါ” လို့ YUPT ကုမ္ပဏီရှယ်ယာရှင် တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်က Duwun ကိုပြောပါတယ်။
YUPT ကုမ္ပဏီဟာ အစိုးရမဟုတ်တဲ့ အများပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ရှယ်ယာရှင်ပေါင်း (၂၈၀)ကျော်ထဲကမှ (၂၂၉)ဦးက ရှယ်ယာတွေပြန်ထုတ်ပေးဖို့တောင်းဆိုနေတာဖြစ်ပါတယ်။ ရှယ်ယာတွေပြန်ရဖို့ ရှယ်ယာရှင်တွေက ဆန္ဒပြပြီးတောင်းဆိုသွားမှာဖြစ်ပြီး ဆန္ဒပြပြီး နှစ်ပတ်အတွင်း ထူးခြားမှုထပ်မရှိဘူးဆိုရင်တော့ YUPT ကုမ္ပဏီနဲ့ အစိုးရတာဝန်ရှိသူတွေကို တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ရှယ်ယာရှင်အားလုံးကိုယ်စား ကိုမောင်မောင်က ပြောပါတယ်။
YUPT ကုမ္ပဏီအနေနဲ့ လက်ရှိမှာ YBS ယာဉ်လိုင်းပေါင်း (၁၉)လိုင်း၊ ကားအစီးရေ (၁၀၀၀)နီးပါးနဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး အမြတ်ငွေမရရှိတာကြောင့် ရှယ်ယာရှင်တွေကို (၃)နှစ်အတွင်း အမြတ်ငွေတွေမခွဲပေးနိုင်တာ ဖြစ်တယ်လို့သိရပါတယ်။