• ဦးခေါင်းစွပ်တပ်ပြီး ကစားရတော့မယ့် ကျော်ဇင်ထက်

မလေးရှားမှာ သွားရောက်ဝယ်ယူမယ်လို့ သိရပါတယ်။

ကျော်ဇင်ထက်အတွက် လိုအပ်တဲ့ ဦးခေါင်းစွပ်(Head Guard)ကို မလေးရှားနိုင်ငံမှာသွ ားရောက်ဝယ်ယူရမယ်လို့ သိရပါတယ်။

image

ရန်ကုန်ယူနိုက်တက်အသင်းက မြန်မာ့လက်ရွေးစင် ဂိုးသမား ကျော်ဇင်ထက်အနေနဲ့ လာမယ့် ပွဲစဉ်တွေကို ဦးခေါင်းစွပ်တပ်ပြီး ကစားသွားဖို့ ရှိနေတယ်လို့ ရန်ကုန်အသင်းရဲ့ မီဒီယာတာဝန်ခံ ဒေါ်သိမ့်သိမ့်ထွန်းက Duwun Sports ကို ပြောပါတယ်။

“ဒဏ်ရာက ပျောက်နေပါပြီ၊ ဒါပေမယ့် ဦးခေါင်းနောက်ဖက်က နည်းနည်းနာသလို ဖြစ်နေတယ်ပြောလို့ ဆရာဝန်က ပြန်ကစားမယ်ဆိုရင် ဦးခေါင်းစွပ်တပ်ကစားသင့်တယ်လို့ ညွှန်ကြားလာတဲ့အတွက် ဦးခေါင်းစွပ်ကို ရန်ကုန်ယူနိုက်တ်ကအသင်းက ဝယ်ပေးသွားမှာပါ” လို့ ဒေါ်သိမ့်သိမ့်ထွန်းက ပြောပါတယ်။

ကျော်ဇင်ထက်ကတော့ ပြီးခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲမှာ ရှမ်းတိုက်စစ်မှူး ဇင်မင်းထွန်းနဲ့ ထိခိုက်မိပြီးနောက် မိနစ်ပိုင်းမျှ အကြာမှာပဲ ကွင်းအတွင်းမူးလဲသွားလို့ အရေးပေါ် ဆေးရုံတင်ပို့ခဲ့ရသူပါ။

တောင်ကြီး စိန်အထူးကုဆေးခန်းမှာ ဓာတ်မှန်ရိုက်စစ်ဆေးမှုတွေအရ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာမရှိသလို ၊ ရန်ကုန်မှာ ထပ်မံ ပြသခဲ့တဲ့ ဆစ်မီတဝေ့ ဆေးရုံရဲ့ စစ်ဆေးချက်အရလည်း ကြီးမားတဲ့ ပြဿနာမတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဦးခေါင်းထိခိုက်မိခဲ့တာကြောင့် ဆစ်မီတဝေ့ ဆေးရုံရဲ့ ဆရာဝန်ကြီးက ဦးခေါင်းအတွင်းပိုင်းကိုပါ စစ်ဆေးဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဒီလို ဦးခေါင်းအတွင်းပိုင်းထိ စစ်ဆေးမှုကိုတော့ မြန်မာနိုင်ငံမှာ ပြုလုပ်နိုင်ခြင်းမရှိလို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သွားရောက်ကုသရဖို့ ရှိနေပြီး လိုအပ်ပါက သွားရောက်ကုသပေးဖို့အထိ ရန်ကုန်အသင်းက ပြင်ဆင်ထားတယ်လို့လည်း ဒေါ်သိမ့်သိမ့်ထွန်းက ပြောခဲ့ပါတယ်။

“အခုတော့ အာရှတော်ဝင်ဆေးရုံကြီးမှာ MRI ဓာတ်မှန် ထပ်ရိုက်ထားပါတယ်။ ဒီအဖြေပေါ် မူတည်ပြီး ဘန်ကောက်ကို သွားစရာ လိုမလို သိရမှာပါ။လေလောဆယ်တော့ ဒဏ်ရာလည်း မရှိတော့ဘူး၊ကစားသမား ကိုယ်တိုင်ကလည်း လေ့ကျင့်ခန်း ပြန်ဆင်းနေနိုင်ပြီလို့ ပြောလာလို့ ဦးခေါင်းစွပ်နဲ့ ပြန်ကစားနိုင်ဖို့ ဦးခေါင်းစွပ်ကို မလေးရှားနိုင်ငံကို မနက်ဖြန်သွားဝယ်ပါမယ်။” လို့ ဒေါ်သိမ့်သိမ့်ထွန်းက ပြောပါတယ်။

ဦးခေါင်းစွပ်ကို အသုံးပြုပြီး လာမယ့် ရတနာပုံပွဲမှာ ကျော်ဇင်ထက် ပြန်လည်ပွဲထွက်လာဖို့ ရှိမရှိဆိုတာကိုတော့ ကြာသပတေးနေ့လောက်မှ အတည်ပြုနိုင်မယ်လို့ ဆက်လက်သိရပြီး ကျော်ဇင်ထက်အနေနဲ့ ဦးခေါင်းစွပ်ကို ဘယ်အချိန်ထိ အသုံးပြုသွားရမလဲဆိုတာကလည်း အတိအကျ မသိရသေးပါဘူး။

အခုလိုမျိုး ဦးခေါင်းစွပ်တပ်ပြီး ဘောလုံး ကစားခဲ့ဖူးတဲ့ ကမ္ဘာကျော် ဂိုးသမားတစ်ဦး ရှိခဲ့ဖူးပြီး သူကတော့ ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ချက်လက်ရွေးစင် ဂိုးသမား ပီတာချက် ဖြစ်ပါတယ်။ ၂၀၀၆ အောက်တိုဘာလတုန်းက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ရီးဒင်းတို့ ပွဲစဉ်မှာ ရီးဒင်းကစားသမား စတီဗင်ဟန့်ခ်နဲ့ ထိခိုက်မိပြီးနောက်ပိုင်း ကစားသမားဘဝက အနားယူခဲ့တဲ့အထိ ဦးခေါင်းစွပ်ကို အသုံးပြုပြီး ဘောလုံး ဆက်လက် ကစားခဲ့ရသူပါ။

ကျော်ဇင်ထက်က ရန်ကုန်ယူနိုက်တက်အသင်းအတွက်သာမက မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိက အားထားရတဲ့ ဂိုးသမားတစ်ဦးဖြစ်ပြီး အခုလိုမျိုး ဦးခေါင်းစွပ်တပ်ပြီး ဘောလုံး ကစားရမယ်ဆိုရင် မြန်မာ့ဘောလုံးသမိုင်းမှာ ပထမဆုံး ဦးခေါင်းစွပ်တပ်ပြီး ကစားသွားတော့မယ့် ကစားသမားတစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်သွားတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က