သီရိလင်္ကာနိုင်ငံ မှာဖြစ်ပေါ်ခဲ့တဲ့ အသေခံ ဗုံးခွဲမှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးရမိသူတွေနဲ့ ဆက်စပ်ပတ်သက်နေသူတွေအနက် သံသယဖြစ်ဖွယ် အဗ္ဗဒူဆလမ် အစ်ရှာဟက်မိုဟာမက် ဆိုတဲ့ နိုင်ငံခြားသားဟာ မြန်မာပြည်တွင်း ရောက်ရှိနေတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးညွှန့်ကြားမှုဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
Photo - Ministry of Home Affairs
အဲ့ဒီနိုင်ငံခြားသားဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က Jet Air လေကြောင်းလိုင်းခရီးစဉ်အမှတ် 3K 583 နဲ့ လိုက်ပါလာခဲ့ပြီး ရန်ကုန်လေဆိပ်ကနေ ခုချိန်ထိပြန်လည်ထွက်ခွာခဲ့ခြင်းမရှိသေးဘူးလို့ မေလ ၂၂ ရက်နေ့ကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။
ဒါ့အပြင်သူ့ရဲ့နေထိုင်ခွင့်သက်တမ်းဟာ ၁ နှစ်နဲ့ ၂ လအထိကျော်လွန်နေတာကြောင့် ဝန်ကြီးဌာနရဲ့လိုင်စင်နဲ့ လုပ်ကိုင်နေကြတဲ့ ဟိုတယ်၊ တည်းခိုခန်းတွေအနေနဲ့ ပတ်စ်ပို့နံပါတ် - N 5467645 ကိုင်ဆောင်သူ အသက် ၃၉ နှစ်အရွယ် Abdul Salam Irshadmohmood ဆိုသူကိုတွေ့ရင် သတင်းပေးဖို့ ညွှန့်ကြားထားပါတယ်။
Photo - Ministry of Home Affairs
"ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ တရားဝင် Website မှာတော့ တင်ထားတာမဟုတ်ပါဘူး။ ပုဂံရုံးဖက်က ထုတ်တဲ့စာပါ။"လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက တာဝန်ရှိသူက Duwun ကိုပြောပါတယ်။
မေလ ၂၂ ရက်နေ့မှာတော့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူဟာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လုံခြုံရေးဆောင်ရွက်နေမှုတွေကို စစ်ဆေးခဲ့ပါသေးတယ်။
သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက် အီစတာဆန်းဒေးနေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၅၃ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူတွေဟာလည်း လူပေါင်း ၅၀၀ ကျော်ခဲ့ပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုတွေကို အမျိုးသမီးတစ်ဦး အပါအဝင် အသေခံဗုံးခွဲသမား ၉ ဦးက လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။