လူနာဟာ ပြည်ပခရီးသွားရာဇဝင်လည်းမရှိ၊ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့ခြင်းမရှိပါဘူး။

လူနာအမှတ် ၂၄၅ ဟာ မြစ်ကြီးနားမြို့ ကျောက်ထုတ်လုပ်ရေးစခန်းတစ်ခုက လုပ်သားတစ်ဦးဖြစ်ပြီး ဆီဆိုင်မြို့နယ်မှာ အသွားအလာကန့်သတ် စောင့်ကြည့်ထားရင်း ရောဂါပိုးတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

လူနာဟာ ပြည်ပခရီးသွားရာဇဝင်လည်းမရှိ၊ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့ခြင်းမရှိတာကြောင့် ပြည်တွင်းကူးစက်မူဟု ယူဆရပြီး ဘယ်လိုကူးစက်ခံခဲ့ရသလဲ၊ ဘယ်သူတွေနဲ့ ထိတွေ့ဆက်စပ်မှု ရှိခဲ့သလဲဆိုတာ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆီဆိုင်မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးစောမောင်ဝေက Duwun ကိုပြောပါတယ်။



“ လူနာသွားခဲ့တဲ့ နေရာတွေကိုတော့ ဆက်လက်စုံစမ်းနေတယ်။ ရောဂါကူးစက်ခံရတဲ့အကြောင်းရင်းတော့ စုံစမ်းနေဆဲပါပဲ။ အခု မြစ်ကြီးနားဘက်ကိုလည်း လှမ်းမေးထားတယ်။ လူနာက လူမှုကွန်ရက်မှာ ပြောနေကြတဲ့ ပခုက္ကူကို ဝင်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ ပခုက္ကူကို ဖြတ်ခဲ့ရုံပဲရှိပါတယ်။ ကျွန်တော်တို့ စုံစမ်းပြီးပါပြီ” လို့ ဒုအုပ်ချုပ်ရေးမှူး က ဆိုပါတယ်။

လူနာဟာ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ကျောက်ထုတ်လုပ်ရေးစခန်းမှာ အလုပ်လုပ်ကြတဲ့ အလုပ်သမား ၈ ဦးနဲ့အတူ အလုပ်ကစီစဉ်ပေးထားတဲ့ကားနဲ့ နေရပ်ပြန်ခဲ့ကြရာမှာ အလုပ်သမား ၈ ဦးကတော့ တောင်သာမြို့နယ်မှာ ဆင်းကျန်ခဲ့ပြီး လူနာအမှတ် ၂၄၅ ကတော့ ဆီဆိုင်မြို့နယ်ကို သွားမယ့် နောက်ထပ်ကားတစ်စီးနဲ့ လိုက်ပါသွားခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ်ကားတစ်စီးမှာလည်း လူနာအမှတ် ၂၄၅ အပါအဝင် လူ ၉ ဦး ထပ်မံလိုက်ပါလာခဲ့ရာ ဆီဆိုင်မြို့နယ်ကို အရောက်မှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ဖြစ်သူကတော့တောင်သာမြို့နယ်ကို ပြန်သွားပြီး လူနာအမှတ် ၂၄၅ အပါအဝင် လူ ၇ ဦးကိုတော့ တံတားဦးရပ်ကွက်၊ ဆိုက်ခေါင်ကျေးရွာရှိ ကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

“ လူနာက ဆိုက်ခေါင်ရွာဇာတိပါ။ အလုပ်ကစီစဉ်ပေးထားတဲ့ကားနဲ့ နေရပ်ပြန်လာကြတာ။ မေလ ၂၁ ရက်ညနေပိုင်းမှာ ဆီဆိုင်ကိုရောက်တယ်။ ကားသမားနဲ့ ယာဉ်မောင်းကတော့ တောင်သာကိုပြန်သွားတယ်။ လူနာအပါအဝင် ကျန်တဲ့သူတွေက ကွာရန်တင်းဝင်နေတာပေါ့။ ကွာရန်တင်းဝင်တာ ၂၁ ရက်ပြည့်ခါနီး မနေ့က စစ်ဆေးချက်အရ ရောဂါပိုးတွေ့ရှိခဲ့တာပါ” လို့ ဆီဆိုင်မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးစောမောင်ဝေက Duwun ကိုပြောပါတယ်။

လူနာကို တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံမှာ ဆေးကုသမှုပေးနေပြီး ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ မေလ ၁၈ ရက်ကစတင်ပြီး နှစ်ပတ်နီးပါးခန့် ပြည်တွင်းကူးစက်မှုတွေ ထပ်မတွေ့ခဲ့ဘဲ ရှိနေခဲ့ရာမှာ ဇွန်လ ၂ ရက်မှာတော့ မူဆယ်ကျန်းမာရေးဝန်ထမ်းမှာ ပထမဆုံး ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာခဲ့ပြီး အခု လူနာအမှတ် ၂၄၅ ကတော့ ဒုတိယမြောက် ပြည်တွင်းကူးစက်မှုတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က