အစာအိမ်အတွင်း ပလပ်စတစ်အမှိုက် အများဆုံးတွေ့ရှိရတဲ့ ဝေလငါးဖြစ်တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်ကမ်းခြေမှာ သောင်တင်သေဆုံးခဲ့တဲ့ ဝေလငါးတစ်ကောင်ရဲ့ အစာအိမ်အတွင်း အလေးချိန် ၈၈ ပေါင်အထိရှိတဲ့ ပလပ်စတစ်အိတ်တွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

(Photo: D'Bone Collector Facebook)

D'Bone Collector ပြတိုက်မှ ဝန်ထမ်းတွေက ဒါဗာအိုမြို့ အရှေ့ဘက်ကမ်းခြေမှာ သေဆုံးနေတဲ့ Cuvier's beaked ဝေလငါးကို မတ်လအစောပိုင်းက တွေ့ခဲ့ရတာဖြစ်ပါတယ်။ ပြတိုက်ရဲ့ Facebook ပို့စ်မှာ ရေးသားထားမှုအရ ယခု ဝေလငါးဟာ အစာအိမ်အတွင်း ပလပ်စတစ်ပစ္စည်း အများဆုံးနဲအတူ သေဆုံးခဲ့တဲ့ ဝေလငါးဖြစ်တယ်လို့လည်း သိရပါတယ်။



အဆိုပါ ဝေလငါးရဲ့ အစာအိတ်အတွင်း ဆန်အိတ် ၁၆ အိတ်နဲ့ ဈေးဝယ်အိတ်မျိုးစုံကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ သေဆုံးနေတဲ့ ဝေလငါးအစာအိမ်အတွင်း တွေ့ရှိရတဲ့ ပလပ်စတစ်ပစ္စည်း စာရင်းအပြည့်အစုံကို D'Bone Collector ပြတိုက်က လာမယ့် ရက်အနည်းငယ်အတွင်း ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

(Photo: D'Bone Collector Facebook)

"ဒီလောက်ပမာဏ ပလပ်စတစ်တွေအတွက် ဘာလုပ်ရမှန်းတောင် မသိဘူး၊ ဒါက အတော်ကြီးတဲ့ ပမာဏပါ၊ ပလပ်စတစ်တွေက ကျောက်တည်စပြုနေပါပြီ" လို့ D'Bone Collector ပြတိုက်တည်ထေင်သူနဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Darrell Blatchley က CNN ကို ပြောခဲ့ပါတယ်။ အသုံးပြုပြီး ပလပ်စတစ်အိတ်တွေကို စွန့်ပစ်မှုဟာ ဖိလစ်ပိုင်အပါဝင် အရှေ့တောင်အာရှ နိုင်ငံအချို့မှာ အဓိက ပြဿနာတစ်ရပ် ဖြစ်နေပါတယ်။

အာရှဒေသ နိုင်ငံငါးနိုင်ငံဖြစ်တဲ့ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ထိုင်းတို့က စွန့်ပစ်လိုက်တဲ့ ပလပ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ ပင်လယ်သမုဒ္ဒရာထဲကို ရောက်ရှိလာတဲ့ ပလပ်စတစ်ပစ္စည်း စုစုပေါင်းပမာဏရဲ့ ၆၀ ရာခိုင်နှုန်းအထိ ဖြစ်တယ်လို့ ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုက ဖော်ပြထားပါတယ်။

(Photo: D'Bone Collector Facebook)

အဆိုပါ အစီရင်ခံစာကို ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး လှုပ်ရှားဆောင်ရွက်နေတဲ့ Ocean Conservancy and the McKinsey Center for Business and Environment က ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာအတွင်းကလည်း အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ သောင်တင်သေဆုံးနေတဲ့ ဝေလငါးတစ်ကောင်ရဲ့ အစာအိမ်အတွင်း ပလပ်စတစ် စွန့်ပစ်ပစ္စည်း ၁၃ ပေါင် တွေ့ခဲ့ရဖူးပါတယ်။ ထို့အတူ အဆိုပါနှစ် ဇွန်အတွင်းမှာလည်း ထိုင်းနိုင်ငံမှာ သောင်တင်သေဆုံးခဲ့တဲ့ လမ်းပြဝေလငါး (pilot whale) တစ်ကောင်ရဲ့ အစာအိမ်အတွင်းမှ ပလတ်စတစ်အိတ် ၈၀ ကျော်ကို တွေ့ခဲ့ရဖူးကြောင်း BBC သတင်းက ပြောပါတယ်။

Share

Loading Next Article...
က္က