မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဟောင်း မော်ရင်ဟိုဟာ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးကို ဂုဏ်ပြုခဲ့ပြီး အာစင်ဝင်းဂါးနဲ့ ဆာအဲလက်စ်ဖာဂူဆန်တို့ကို ချိုမြိန်တဲ့ရန်သူတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုဟာ ချယ်ဆီးအသင်းကို ၂ ကြိမ်တိုင်ကိုင်တွယ်ခဲ့စဉ်အတောအတွင်း အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ၂ ဦးဖြစ်တဲ့ အာစင်ဝင်းဂါး၊ ဆာအဲလက်စ်ဖာဂူဆန်တို့နဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး မန်ယူအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း အာစင်ဝင်းဂါးနဲ့ ထပ်မံရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။
မော်ရင်ဟို ချယ်ဆီးအသင်းကို စတင်ကိုင်တွယ်တဲ့ရာသီဟာ ရှုံးပွဲမရှိဘဲ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ စံချိန်တင်ရာသီ ၂၀၀၃-၂၀၀၄ ရာသီအပြီးမှာ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး နည်းပြ အာစင်ဝင်းဂါး၊ ဆာအဲလက်စ်ဖာဂူဆန်တို့ရဲ့ ယှဉ်ပြိုင်ခဲ့စဉ်တုန်းက အမှတ်တရဖြစ်ရပ်တွေကို LaureusSport နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ဖာဂူဆန်နဲ့ အာစင်ဝင်းဂါးတို့ ၂ ဦးထဲမှာ အာဆင်နယ်အသင်းကို ရှုံးပွဲမရှိရာသီတစ်ခု ပိုင်ဆိုင်နိုင်အောင် နည်းပြနိုင်ခဲ့တဲ့ အာစင်ဝင်းဂါးက ချီးကျူးဂုဏ်ပြုမှုှုနဲ့ ပိုမိုထိုက်တန်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“သူက အရမ်းကို ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လွန်းတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဘောလုံးသမိုင်းမှာ အကောင်းဆုံးနည်းပြဖြစ်ပါတယ်”
“ကျွန်တော် အင်္ဂလန်ကို ရောက်ခဲ့တဲ့အချိန်တုန်းက ဘယ်သူမှအနိုင်မယူနိုုင်တဲ့ အာဆင်နယ်အသင်းကို တွေ့ခဲ့တယ်။ မန်ယူနိုက်တက်နဲ့ ဆာအဲလက်စ်ဖာဂူဆန်တို့ဟာ အာဆင်နယ်ရဲ့ မယုံနိုင်ဖွယ်ရာသီကြောင့် နာကျင်ခဲ့တာကို တွေ့ခဲ့ရပါတယ်”
“ပြီးတော့ ကျွန်တော်တို့ဟာ တတိယအင်အားစုဖြစ်လာခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဖြစ်ဖို့ ကြီးမားတဲ့စိတ်ဆန္ဒရှိခဲ့ပါတယ်။ အဲဒီတော့ ဟုတ်တာပေါ့။ အင်အားစုတွေ ထိပ်တိုက်တွေ့ဆုံပြီလေ။ ခင်ဗျား မြင်ယောင်ကြည့်လို့ရပါတယ်။ ဆာအဲလက်စ်၊ ဝင်းဂါးနဲ့ ကျွန်တော်တို့ဟာ တူညီတဲ့ပန်းတိုင်တစ်ခုအတွက် တိုက်ပွဲဝင်နေကြတာကိုလေ။ ကျွန်တော်တို့က ဘာနဲ့တူလဲဆိုတော့ ဘောလုံးမှာတော့ ချိုမြိန်တဲ့ရန်သူတွေလို့ ကျွန်တော် ပြောချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။