အပြောင်းအလဲလေးဖြစ်သွားအောင် ဒေါက်မြင့်ဖိနပ်လေးတွေ စမ်းစီးကြည့်ချင်လို့ပဲဖြစ်ဖြစ် ဖိနပ်အပါးကနေ အမြင့်စစီးမယ့်မဒီတို့အနေနဲ့ ရွေးချယ်ကြည့်သင့်တဲ့ ဖိနပ်အမျိုးအစားလေးတွေ ရှိပါတယ်။

အမျိုးသမီးတစ်ယောက်မှာ ဖိနပ်အမျိုးအစား နှစ်မျိုးကနေ သုံးမျိုးထိ အနည်းဆုံးပိုင်ဆိုင်ထားသင့်တယ်ဆိုတာ မဒီတို့ကြားဖူးကြမှာပါ။ ကိုယ်ကပေါ့ပေါ့ပါးပါးဖိနပ်လေးတွေ၊ ဒေါက်မပါတဲ့ ဖိနပ်ပါးလေးတွေသာ စီးလေ့ရှိတယ်ဆိုပေမယ့် တစ်ခါတလေ ပွဲတက်အတွက်လိုအပ်လာတဲ့အခါ အဝတ်အစားနဲ့ လိုက်ဖက်မှုရှိအောင်ပဲဖြစ်ဖြစ်၊ အပြောင်းအလဲလေးဖြစ်သွားအောင် ဒေါက်မြင့်ဖိနပ်လေးတွေ စမ်းစီးကြည့်ချင်လို့ပဲဖြစ်ဖြစ် ဖိနပ်အပါးကနေ အမြင့်စစီးမယ့်မဒီတို့အနေနဲ့ ရွေးချယ်ကြည့်သင့်တဲ့ ဖိနပ်အမျိုးအစားလေးတွေ ရှိပါတယ်။ အထူးသဖြင့် ဖိနပ်ဝယ်ခါနီး ဘယ်လိုဒေါက်ဖိနပ်ဝယ်ရမယ်မှန်း မသိတဲ့ မဒီတို့အတွက် အကြံလေးတွေ ပေးလိုက်ပါရစေ။

၁။ အသားရောင် Kitten ဒေါက်မြင့်ဖိနပ်

ဒေါက်မြင့်ဖိနပ်ဆိုပေမယ့် ဒေါက်ကတအားကြီးမမြင့်ဘဲ အနေတော်လေးဖြစ်ပြီး အပါးကနေ အမြင့်စပြီး စီးကြည့်မယ့် မဒီတွေအတွက် အဆင်ပြေစေမယ့် ဖိနပ်အမျိုးအစားတစ်ခုကတော့ Kitten Heel လေးတွေပါ။ အသားရောင်လို Nude ကာလာလေးဆန်ဆန် ရွေးခိုင်းတာကတော့ ကိုယ်ဝတ်မယ့် အဝတ်အစားတိုင်းနဲ့ လိုက်ဖက်မှုရှိနေအောင်ပါ။ ဒီလိုဆိုရင် အပေါ်က ဘယ်လိုကာလာမျိုး၊ ဒီဇိုင်းမျိုးဖြစ်ဖြစ် ဖိနပ်အရောင်နဲ့အဆင်ပြေပြီး သိပ်ဦးနှောက်စားစရာမလိုတော့ဘူးပေါ့။

၂။ အနက်ရောင်ဒေါက်မြင့်ဖိနပ်

ကိုယ်က အနက်ရောင်ကို ခရေဇီဖြစ်တယ်၊ အဝတ်အစားနဲ့ဖိနပ် အရောင်အတွဲအစပ်ကို သိပ်ခေါင်းမစားချင်ဘူး၊ ဒါမှမဟုတ် ညပွဲတွေတက်စရာတွေရှိတာမို့ ဒေါက်မြင့်ဖိနပ်လေးတွေ ရှာနေတယ်ဆိုရင်တော့ အနက်ရောင်ဒေါက်မြင့်ကို မဖြစ်မနေရွေးစေချင်ပါတယ်။ ကိုယ်ကပွဲအတွက်မဟုတ်ဘဲ ရုံးတက်ဖို့အတွက်ဆိုရင်လည်း အနက်ရောင်က အဆင်ပြေနေသေးတာပါပဲ။ တစ်ခုပါပဲ။ ပွဲတက်အတွက်မဟုတ်ဘဲ နေ့စဉ်သွားလာလှုပ်ရှားဖို့အတွက်ဆိုရင်တော့ ဒေါက်ကိုသိပ်မြင့်တာမရွေးဘဲ ကိုယ့်အတွက် သက်သောင့်သက်သာရှိမယ့် အမြင့်မျိုးလောက်သာ ရွေးချယ်ပါ။ ဒီဇိုင်းကိုလည်း ပြောင်ပြောင်လက်လက်တွေပါတာမျိုးထက် ရိုးရှင်းတာလေးတွေက ပိုအဆင်ပြေပါလိမ့်မယ်။ အနက်ရောင်ဒေါက်မြင့် တစ်ရန်ကတော့ အမျိုးသမီးတစ်ယောက်အတွက် မရှိမဖြစ်မို့ စာရင်းထဲ ထည့်ထားစေချင်ပါတယ်။

၃။ တပြေးညီ Wedges ဒေါက်မြင့်ဖိနပ်

ဒေါက်မြင့်ဖိနပ်လို့ ကြားလိုက်တာနဲ့ စိတ်အိုက်သွားတတ်တဲ့ပျိုမေတွေရှိရင် တပြေးတည်းအညီ Wedges Heel တွေကို စမ်းဝတ်ကြည့်ဖို့ တိုက်တွန်းရမှာပါပဲ။ အမြင့်သိပ်မစီးဖူးတဲ့ မဒီတွေ ဒီဖိနပ်ကိုတော့ အေးဆေးစီးနိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူကဒေါက်တစ်ခုတည်းနဲ့ ထိန်းထားတာမျိုး မဟုတ်ဘဲ အမြင့်က တစ်ညီတည်းပုံစံ ခုံခပ်ထူထူဖိနပ်မျိုးဆိုတော့ မဒီတွေ လမ်းလျှောက်ရတာ မခက်ခဲတော့ဘူးပေါ့။ ဖိနပ်အပါးကနေ အမြင့်စစီးမယ်ဆို သင့်တော်တဲ့ဖိနပ်အမျိုးအစားတစ်ခုပါပဲ။

၄။ အသိုင်းအရှုပ်ဒီဇိုင်း Sandals ဒေါက်မြင့်ဖိနပ်

Sandals ဖိနပ်တွေက ကြိုးသိုင်းတွေဖြစ်တာများတာကြောင့် ခပ်ရှုပ်ရှုပ်ဒီဇိုင်းတွေ သဘောကျတဲ့ မဒီတွေနဲ့ အံကိုက်ပါ။ ဒါကိုမှ Heeled Sandals ကျတော့ ဒေါက်ကလေးပါသွားတာမျိုးပေါ့။ သူ့မှာလည်း မနိမ့်မမြင့်ကနေ တော်တော်လေးမြင့်တာထိ ရွေးချယ်စရာရှိတာမို့ ကိုယ်စစီးနိုင်မယ့်အမြင့်ကို ရွေးချယ်ဖို့သာ လိုအပ်ပါတယ်။ အားလုံးကြားမှာထင်းပြီး ဆွဲဆောင်မှုရှိနေဖို့ဆိုရင်တော့ နည်းနည်းလေးမြင့်တာကို ရွေးပါ။ သူကအသိုင်းအရှုပ်ပုံစံ ဒေါက်မြင့်မို့ ခြေချော်လဲတာ၊ ဘေးချော်တာမျိုးတွေ ရှိမှာမဟုတ်ပါဘူး။

၅။ အနီရောင် Pump ဒေါက်မြင့်ဖိနပ်

ကိုယ်က အမြင့်ကိုခုမှစစီးမှာဖြစ်ပေမယ့် အမြင့်ကို အေးဆေးစီးနိုင်တယ်လို့ ယုံကြည်မှုရှိရင်တော့ ဒေါက်မြင့်ဖိနပ်အမျိုးအစားတွေထဲ Pump ဖိနပ်အမျိုးအစားကို ရွေးစေချင်ပါတယ်။ သူ့ဒေါက်က တော်တော်လေးတော့ မြင့်ပါတယ်။ ဒီမှာ အနီရောင်ကို ရွေးစေချင်တာက အနီရောင်ကလည်း အဖြူနဲ့အနက်လိုပဲ တခြားအဝတ်အစားကာလာတွေနဲ့ တွဲလို့ရတဲ့ ကာလာတစ်ခုပါ။ အထူးသဖြင့် ကိုယ့်အဝတ်အစားကို ဖိနပ်အရောင်နဲ့ ထိန်းလိုက်သလိုမျိုးထိ သူက ကိုယ့်ဖက်ရှင်ကို ပံ့ပိုးပေးပါလိမ့်မယ်။ မဒီတို့အနေနဲ့ အမြင့်တွေသိပ်မစီးချင်သေးဘဲ သိပ်မမြင့်တဲ့ဒေါက်နဲ့ပဲ စမယ်၊ Classic ဆန်ဆန်လေးသာ ရွေးချယ်ချင်တယ်ဆိုရင်တော့ ပထမဆုံးပြောပေးထားတဲ့ Kitten Heel ကိုပဲ အနီရောင် ရွေးနိုင်ပါတယ်။

ဒီဖိနပ်အမျိုးအစား (၅) မျိုးဟာ မဒီတို့အနေနဲ့ ဒေါက်မြင့်ဖိနပ်တွေထဲ စပြီးစီးကြည့်သင့်တဲ့ ဖိနပ်အမျိုးအစားတွေ ဖြစ်ပါတယ်။ အရောင်အနေနဲ့ အဆင်ပြေပြီး ဒေါက်မြင့်အပိုင်း သဘောမကျဘူးဆိုရင်လည်း ကိုယ်သဘောကျတဲ့ ဖိနပ်အမျိုးအစားနဲ့ အရောင်ကိုပြန်ချိန်ပြီး ဝတ်လို့ရတာမို့ မဒီတို့အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Share

Loading Next Article...
က္က