Facebook ဟာ Instagram likes နဲ့ comments များ အတုအပပြုလုပ်ရောင်းချသူတစ်ဦးကို တရားစွဲလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
"Fake Engagement Service" အနေနဲ့ အခုလို Instagram ပေါ်က likes နဲ့ comment အတုလုပ်ပြီး ရောင်းချသူကို တရားစွဲလိုက်တာ ဖြစ်တယ်လို့ Engadget သတင်းက ဆိုပါတယ်။ Nakrutka လို့ခေါ်တဲ့ ဒီတန်ဆောင်မှုဟာ bots နဲ့ အလိုအလျောက်စနစ်သုံး software ကွန်ရက်တစ်ခုကို သုံးပြီး Instagram ပေါ်မှာ fake likes ၊ comments နဲ့ followers တွေ ဖြန့်နေတယ်လို့ Facebook ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo: Yahoo News
အလားတူ အဖြစ်မျိုးဟာ ဒီတစ်ကြိမ်တည်းမဟုတ်ပါဘူး။ Facebook ဟာ အရင်ကလည်း Instagram like အတု ပြုလုပ်သူတစ်ဦးကို တရားစွဲခဲ့ဖူးပါတယ်။ တရားစွဲရာမှာလည်း အချက်အလက်တလွဲသုံးမှုနဲ့ တရားစွဲတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ Facebook ဟာ နယူးဇီလန်ကုမ္ပဏီတစ်ခုကို Instagram Engagement ဝန်ဆောင်မှုအတု လုပ်ခြင်းနဲ့ တရားစွဲခဲ့ပါတယ်။
ဒီနှစ်ထဲမှာလည်း စပိန် developer တစ်ဦးကို Instagram like အတုလုပ် ရောင်းချမှုနဲ့ တရားစွဲခဲ့တယ်လို့ Engadget သတင်းက ဆိုပါတယ်။ Facebook ဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို အန္တရာယ်ရှိဆော့ဖ်ဝဲလ်သုံးပြီး ရယူစုဆောင်းခဲ့တဲ့ MobiBurn ဆိုတဲ့ developer တစ်ဦးကိုလည်း တရားစွဲထားပါတယ်။
MobiBurn ဟာ သူ့ရဲ့ ဆော့ဖ်ဝဲလ်နဲ့ app သွင်းတဲ့ သုံးစွဲသူတွေဆီက နာမည် ၊ Time Zone ၊ အီးမေးလ်လိပ်စာ နဲ့ ကျား/မ အမျိုးအစား စတဲ့ အချက်အလက်တွေ ရယူခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုလည်း လုံခြုံရေးသုတေသီတွေဟာ Facebook ကို အသိပေးခဲ့ပါတယ်။