ဒေါင်ဒေါင်မြည် အကြမ်းခံတဲ့ Rugged ဖုန်းတွေနဲ့ နာမည်ကြီးတဲ့ Oukitel ကနေ ပထမဆုံး Rugged တက်ဘလက်သစ် ကြေညာလိုက်ပါတယ်။
Oukitel RT1 ဟာ နေရာမရွေး အကြမ်းပတမ်းသုံးနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ တက်ဘလက်တစ်လုံးပါ။ ကိုယ်ထည်ကို အကြမ်းခံ ပလတ်စတစ် Shell သုံး တည်ဆောက်ထားတာ ဖြစ်ပြီး ရေစိုတာနဲ့ ဖုန်ဝင်တဲ့ဒဏ်ကို IP68 နဲ့ IP69K Rating တွေအထိ ခံနိုင်ရည်ရှိပါတယ်။ အမြင့် ၁ မီတာခွဲ (၅ ပေခန့်) ကနေ လွတ်ကျတာကိုလည်း ခံနိုင်မယ့် Drop-Proof ထုတ်ကုန်ဖြစ်တယ်လို့ ဆိုပါတယ်။
Photo : Oukitel
Screen Size ၁၀.၁ လက်မ IPS LCD display ဟာ 1200 x 1920pixel ရုပ်ထွက်ပါရှိပြီး 16:10 aspect ratio နဲ့ တည်ဆောက်ထားတာပါ။ Oukitel RT1 ကို MediaTek Helio P22 chipset နဲ့ မောင်းနှင်ထားပြီး RAM 4GB/64GB storage အပြင် microSD နဲ့လည်း storage ထပ်တိုးနိုင်မှာပါ။ ဒီတက်ဘလက်မှာ အကြီးစား 10000mAh ဘက်ထရီသုံးထားပြီး 18W charging support ပါလာပါတယ်။
အားသွင်းမှုကို USB-C port ကနေ သွင်းနိုင်မှာပါ။ ရှေ့ဘက် 16MP selfie နဲ့ ကျောဘက် 16MP ကင်မရာ ပါရှိပြီး 4G SIM နှစ်ကတ်သုံးနိုင်မှာ ဖြစ်ပါတယ်။ Oukitel RT1 ကို အနက် ၊ လိမ္မော်နှစ်ရောင်နဲ့ ထွက်ထားပြီး ဒေါ်လာ ၂၀၀ (မြန်မာငွေ ၃ သိန်း ၇ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။