• iPhone 14 ဂြိုလ်တုစာတိုပို့စနစ် အမေရိကန်နဲ့ ကနေဒါမှာ စတင်အသုံးပြုနိုင်ပြီဖြစ်

နောက်လတွေမှာ ဥရောပဈေးကွက်တွေထဲ ဖြန့်ချိတော့မှာပါ

အမေရိကန်နဲ့ ကနေဒါက iPhone 14 ပိုင်ရှင်တွေဟာ နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး အရေးပေါ်ဂြိုလ်တုစာတိုပို့စနစ်ကို အသုံးပြုနိုင်ပြီလို့ ဆိုပါတယ်။ 

ဒီ Feature ကို နောက်လတွေမှာ ပြင်သစ် ၊ ဂျာမနီ ၊ အိုင်ယာလန်နဲ့ ယူကေက iPhone 14 ပိုင်ရှင်တွေ အသုံးပြုနိုင်တော့မှာပါ။ ဖုန်းလိုင်းနဲ့ WiFi ကွန်ရက် မမိတဲ့နေရာတွေမှာ အရေးပေါ် အကူအညီတောင်းခံဖို့အတွက် အသုံးပြုနိုင်မယ့် Feature တစ်ခုဖြစ်ပြီး ဂြိုလ်တုဝန်ဆောင်မှုလုပ်ငန်း Globalstar Inc နဲ့ ချိတ်ဆက်ထားတာပါ။ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ Apple ဟာ ဂြိုလ်တုစာတိုပို့စနစ် အထောက်အပံ့ပေးနိုင်ရေးအတွက် Apple Advanced Manufacturing Fund ကနေ Gloablstar Inc ကို ဒေါ်လာသန်း ၄၅၀ ပံ့ပိုးပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ 

image


Photo: digitaltrends

Globalstar ဝန်ထမ်း ၃၀၀ ကျော်ဟာ Apple ဝန်ဆောင်မှုကို အထောက်အပံ့ပေးသွားမှာ ဖြစ်ပြီး iPhone 14 မော်ဒယ်တိုင်းမှာ ဒီ Feature ကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ဒီဝန်ဆောင်မှုဟာ custom ဒီဇိုင်းထုတ်ထားတဲ့ ပစ္စည်းအစိတ်အပိုင်းနဲ့ ပေါင်းစပ်ဆော့ဖ်ဝဲလ်တွေကနေတစ်ဆင့် ဂြိုလ်တုကို တိုက်ရိုက်ဆက်သွယ်သွားမှာပါ။ အသုံးပြုသူတွေအနေနဲ့ ဂြိုလ်တုနဲ့ ချိတ်ဆက်နိုင်ရေးအတွက် ကူညီပေးတဲ့ Interface တစ်ခုကနေ ဝန်ဆောင်မှု ရယူနိုင်မှာ ဖြစ်ပြီး အခြေအနေနဲ့ တည်နေရာအကြောင်း မေးမြန်းတဲ့ မေးခွန်းတိုတွေကို ဖြေကြားပေးရမှာ ဖြစ်ပါတယ်။ 

ဂြိုလ်တုနဲ့ ဖုန်း ချိတ်ဆက်နိုင်အောင် ကြီးမားတဲ့ အန်တနာမပါတာကြောင့် Emergency SoS ဝန်ဆောင်မှုမှာ အသံခေါ်ဆိုမှု အထောက်အပံ့ပေးခြင်း မရှိပါဘူး။ ဒီအစား Apple ဟာ စာသားမက်ဆေ့အရွယ်အစားကို ၃၀၀% အထိ လျှော့ချနိုင်တဲ့ Text Compression Algorithm တစ်ခု သုံးထားပြီး စာတိုအမြန်ပို့နိုင်အောင် စီစဉ်ထားတာပါ။ ရာသီဥတုကြည်လင်တဲ့ အနေအထားတွေမှာ ၁၅ စက္ကန့်ကနေ စက္ကန့် ၃၀ အတွင်း ဂြိုလ်တုနဲ့ အပြန်အလှန် မက်ဆေ့ပေးပို့ရယူတာမျိုး လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။

နှင်းမြူတွေ သိပ်သည်းနေပြီး ကောင်းကင်မြင်ကွင်း မရှင်းလင်တဲ့အခါမျိုးမှာတော့ မက်ဆေ့တစ်စောင်ရောက်ဖို့ ၁ မိနစ်ကျော် ကြာနိုင်တယ်လို့လည်း The Verge သတင်းက ဖော်ပြထားပါတယ်။ Emergency SOS ဂြိုလ်တုစနစ်ကို iOS 16.1 နဲ့ အထက် တင်ထားတဲ့ ဒီနှစ်ထွက် iPhone 14 , iPhone 14 Plus , iPhone 14 Pro နဲ့ iPhone 14 Pro Max တို့မှာ အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် ဟောင်ကောင် ၊ တရုတ်နဲ့ မကာအိုတို့မှာ ဒီဝန်ဆောင်မှု အသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

နောက်တစ်ချက်က ၆၂ ဒီဂရီ လတ္တီကျူ့ဒ်နဲ့ အထက်မှာလည်း ဒီဝန်ဆောင်မှုက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ Apple ဟာ iPhone 14 စီးရီးမှာပါတဲ့ ဂြိုလ်တု SOS Service ကို ၂ နှစ် အခမဲ့ပေးသုံးသွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ လစဉ်ကြေးတွေ ကောက်ခံသွားဖို့ ရှိပါတယ်။ 

Share

Loading Next Article...
က္က