စက်တင်ဘာလဆန်းအစောပိုင်းမှာ iPhone သစ်တွေ ကြေညာဖို့ ရှိပါတယ်

ဆောင်းဦးပေါက်မှာ မိတ်ဆက်လာမယ့် iPhone သစ်တွေအတွက် Apple ဟာ ကြိုတင်ရိုက်ကူးရေး စတင်နေပြီလို့ ဆိုပါတယ်။ 

အွန်လိုင်းကနေ Video Launch အနေနဲ့ မိတ်ဆက်သွားမယ့် လာမယ့် စက်တင်ဘာ iPhone 14 မိတ်ဆက်ပွဲအတွက် တစ်လနီးပါးကြိုပြီး Apple က ကြိုတင်ပွဲရိုက်ကူးရေး လုပ်ဆောင်နေတာလို့ နာမည်ကြီး Bloomberg သတင်း‌ထောက် မာ့ခ်ဂါးမန်းရဲ့ Power On သတင်းလွှာမှာ ဖော်ပြထားပါတယ်။ COVID-19 ကပ်ဘေးကစပြီး လူတက်ရောက်တဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲတွေအစား အွန်လိုင်း Virtual ပွဲတွေအဖြစ် Apple Event တွေကို ကျင်းပလာခဲ့တာပါ။ 





ပြီးခဲ့တဲ့ ဇွန်လက WWDC ကွန်ဖရင့်ကိုတော့ ကန့်သတ်လူဦးရေနဲ့ Apple Park ကို တက်ရောက်ခွင့်တချို့ ပြုခဲ့ပေမယ့် ပွဲထုတ်ကုန်မိတ်ဆက်ကို ကြိုပြီးရိုက်ကူးထားတဲ့ Video တင်ဆက်မှုနဲ့ပဲ ပြသခဲ့တာ ဖြစ်ပါတယ်။ လာမယ့်စက်တင်ဘာလ ထုတ်ကုန်မိတ်ဆက်ပွဲအတွက်လည်း Apple ဟာ မျိုးဆက်သစ် iPhone မိတ်ဆက်ပွဲအတွက် ပုံမှန် Presentation Style ရုပ်သံကြိုတင်ရိုက်ကူးမှုတစ်ခု လုပ်နေပုံ ရပါတယ်။ ထုတ်လွှင့်တင်ဆက်မှုကို လာမယ့် စက်တင်ဘာလဆန်းပိုင်းမှာ ကျင်းပမယ်လို့ မျှော်လင့်ရပါတယ်။ 

မာ့ခ်ဂါးမန်းရဲ့ အဆိုအရ Apple ဟာ ဒီနှစ်လက်ကျန် ထုတ်ကုန်မိတ်ဆက်ပွဲနှစ်ခု လုပ်ဖို့ ရှိပြီး ပထမပွဲမှာ iPhone 14 ၊ iPhone 14 Pro နဲ့ Apple Watch Series 8 အပြင် အကြမ်းခံ rugged စမတ်နာရီသစ်တစ်မျိုးပါ မိတ်ဆက်မယ်လို့ ယူဆရပါတယ်။ ဒုတိယမြောက် ထုတ်ကုန်မိတ်ဆက်ပွဲကို အောက်တိုဘာလထဲမှာ ကျင်းပသွားမှာ ဖြစ်ပြီး iPad နဲ့ Mac ထုတ်ကုန်တွေ ကြေညာသွားဖို့ ရှိပါတယ်။ 




iPhone သစ် မိတ်ဆက်ပွဲမှာ ၆.၁ လက်မဆိုဒ် iPhone 14 နဲ့ iPhone 14 Pro အပြင် ၆.၇ လက်မ Max မော်ဒယ်တွေ ပါဝင်ဖို့ ရှိပြီး mini ဗားရှင်းတော့ ဆက်ထုတ်သွားဖို့ မရှိတော့ပါဘူး။ Pro မော်ဒယ်တွေဟာ ထူးထူးခြားခြား အဆင့်မြှင့်တင်လာတဲ့ ထုတ်ကုန်တွေအဖြစ် မြင်ရဖို့ ရှိပြီး 48MP ကင်မရာ ၊ Always-On Display ၊ A16 Bionic Chipset သစ် နဲ့ True Depth ကင်မရာအတွက် ဆေးတောင့်ပုံနဲ့ punch-hole ကင်မရာပေါက်စတိုင်တွေ သုံးလာမယ်လို့လည်း သတင်းထွက်နေပါတယ်။ 

Apple Watch Series 8 ဟာ ဒီဇိုင်းအပြောင်းအလဲ မရှိပေမယ့် ကိုယ်တွင်းအပူချိန်တိုင်း Sensor တစ်ခု သုံးလာမယ်လို့ ယူဆရပါတယ်။ ဆိုဒ်ပိုကြီးတဲ့ Pro မော်ဒယ်ဟာ အကြမ်းခံဒီဇိုင်း စမတ်နာရီကတော့ အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှုပိုင်းအတွက် အထူးဒီဇိုင်းထုတ်လာနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က