၂၀၂၃ ခုနှစ်မှာ ထွက်မယ့် Pro မော်ဒယ် iPhone မှာ Under-Display ကင်မရာနည်းပညာတွေ သုံးလာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကိုရီးယားဝက်ဘ်ဆိုက် The Elec ရဲ့ သတင်းအရင်းအမြစ်တွေအရ Samsung Display ဟာ Apple အတွက် Face ID ကို Display အောက် ဝှက်ထားလို့ ရမယ့် Under-Panel ကင်မရာနည်းပညာသစ် ဖန်တီးနေတယ်လို့ ဆိုပါတယ်။ ဒီနည်းပညာကို နောက်နှစ်ထဲမှာ ထွက်ရှိမယ့် iPhone 15 Pro မော်ဒယ်တွေမှာ သုံးသွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

လောလောဆယ်မှာ မှန်ပြင်အောက် ကင်မရာနည်းပညာသုံး ဖုန်းရယ်လို့တောင် များများစားစား မထွက်သေးချိန်မှာ Samsung က Apple အတွက် Under-Panel ကင်မရာစနစ် ဖန်တီးဖို့ လုပ်နေတာပါ။ လက်ရှိ ထွက်ထားတဲ့ Galaxy Z Fold 3 မှာ Under-Display ကင်မရာသုံးထားပြီး ဒီကင်မရာဟာ အပေါ်က Display ဟာ ကင်မရာဆီ အလင်းဖောက်နိုင်ဖို့ pixel သိပ်သည်းဆလျှော့ထားရတာကြောင့် ဓါတ်ပုံရုပ်ထွက်လည်း quality သိသိသာသာ နိမ့်ပါတယ်။
iPhone 15 Pro အတွက် သုံးမယ့် FaceID မှန်ပြင်အောက်ဗားရှင်းဟာ notch ထက် ဒီဇိုင်းပိုင်း ပိုလှနိုင်ပေမယ့် Notch လောက် လုံခြုံမှုရှိမရှိ နဲ့ ထိရောက်မှု ရှိမရှိဆိုတာ မသိရသေးပါဘူး။ Samsung ကတော့ ဒီနည်းပညာကို ကနေဒါက OTI Lumionics နဲ့ ပူးပေါင်းပြီး ဖန်တီးနေတယ်လို့ ဆိုပါတယ်။ The Elec ရဲ့ သတင်းမှာတော့ ဖွံ့ဖြိုးမှုဘက်က အချိန်ဇယားအတိုင်း လက်စသတ်နိုင်မယ်ဆိုရင် ဒီနည်းပညာသစ်ကို နောက်နှစ်ထဲ ထွက်မယ့် Galaxy Z Fold 5 မှာ စတင်အသုံးပြုသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
နာမည်ကြီး Apple Analyst ဖြစ်တဲ့ မင်ချိကုအိုကလည်း Apple ဟာ ၂၀၂၃ ခုနှစ်ထဲမှာ ထွက်မယ့် iPhone မော်ဒယ်သစ် တစ်ခုမှာ Under-Display FaceID စနစ် သုံးလာဖို့ မျှော်လင့်ထားကြောင်း ပြေထားပါတယ်။ Display ပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရော့စ်ယန်းဂ်ကတော့ FaceID လုပ်ဆောင်ချက်ကို Apple ဟာ အနည်းဆုံး ၂၀၂၃ ခုနှစ်အထိ Under Display ပြောင်းဖို့ မရှိဘူးလို့လည်း ပြောထားတာကြောင့် စောင့်ကြည့်ရမယ့်သတင်းအဖြစ် ရှိနေပါတယ်။
လက်ရှိ iPhone မော်ဒယ်တွေကတော့ FaceID အစိတ်အပိုင်းတွေနဲ့ ရှေ့ကင်မရာအတွက် အရုပ်ဆိုးတဲ့ Notch ဒီဇိုင်းပဲ သုံးနေရတာ ဖြစ်ပါတယ်။ ဒီနှစ်ထဲ ထွက်မယ့် iPhone 14 Pro မော်ဒယ်မှာတော့ ဆေးတောင့်ပုံ pill-shaped cutout ဒီဇိုင်း သုံးပြီး ကင်မရာနဲ့ FaceID တွေကို cutout ထဲ ထည့်သွင်းသွားမယ်လို့ သတင်းထွက်နေပါတယ်။
ဒီဇိုင်းပိုင်းအရ အများကြီး ပိုသပ်ရပ်လှပသွားဖို့ ရှိမယ်လို့ ယူဆရပါတယ်။ အနည်းဆုံးတော့ iPhone X က စတင်ခဲ့ပြီး ၅ နှစ်ကြာ Notch Display ဒီဇိုင်းဟောင်းကြီးကို ၂၀၂၂ နဲ့ နောက်ပိုင်းမော်ဒယ်တွေမှာ အပြောင်းအလဲအနေနဲ့ မြင်ရမယ်လို့ မျှော်လင့်ရပါတယ်။ Pro မဟုတ်တဲ့ iPhone 14 မော်ဒယ်တွေကတော့ Screen အပေါ် အလယ်တည့်တည့်မှာ Punch-hole ကင်မရာပေါက်တစ်ခုနဲ့ပဲ လာဖို့ ရှိပါတယ်။