• Featured

    iPhone ရောင်းအားကျဆင်းမှု ဖုံးကွယ်ခြင်းကြောင့် Apple CEO တရားရင်ဆိုင်ရဖို့ ရှိ

တရုတ်နိုင်ငံအတွင်း ‌ရောင်းအားကျဆင်းတာကို ကွယ်ဝှက်ခဲ့တာပါ

ရှယ်ယာရှင်များကို ‌ဒေါ်လာ ဘီလျံသန်းနဲ့ချီ ဆုံးရှုံးစေတဲ့ တရုတ်နိုင်ငံအတွင်း iPhone ဝယ်လိုအားအချက်အလက်အမှန် ဖုံးကွယ်ထားကြောင်း စွပ်စွဲမှုကြောင့် Apple ဟာ တရားရင်ဆိုင်ရမယ်လို့ အမေရိကန်ဖက်ဒရယ်တရားသူကြီးတစ်ဦးက ဆိုပါတယ်။

Reuters သတင်းမှာ ဖော်ပြချက်အရ Apple ဟာ ၂၀၁၇ ဩဂုတ်နဲ့ ၂၀၁၉ ဇန်နဝါရီလအတွင်း iPhone ဝယ်လိုအား ကျဆင်းမှုကို ကွယ်ဝှက်ထားခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်ခရိုင်တရားသူကြီး ယော့ဗ်နီဂွန်ဇာလက် ရော်ဂျားစ်ဟာ ၂၀၁၈ နိုဝင်ဘာ ၁ ရက်နေ့က iPhone ဝယ်လိုအား ကောင်းနေတယ်ဆိုတဲ့ Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ရဲ့ မှတ်ချက်တွေကို ရှယ်ယာရှင်တွေအနေနဲ့ တရားစွဲနိုင်တယ်လို့ အင်္ဂါနေ့က ပြောခဲ့တာပါ။

image

Photo: MacRumours

၂၀၁၈ စတုတ္ထသုံးလပတ် ဝင်ငွေရလဒ်အစီရင်ခံစာမှာ အားလပ်ရက်ဈေးဝယ်ရာသီအတွင်း iPhone ဝယ်လိုအား မြင့်မားနေတယ်လို့ တင်မ်ကွတ်မှ ပြောခဲ့ပါတယ်။ "iPhone XS နဲ့ XS Max က တကယ်ပဲ တာထွက်ကောင်းပါတယ်။ ဖွံ့ဖြိုးဆဲဈေးကွက်တစ်ချို့မှာ ရောင်းအားအကျဘက်ပြနေပေမယ့် ဒီထဲမှာ တရုတ်ကိုတော့ ကျွန်တော် ထည့်မှာ မဟုတ်ပါဘူး" လို့ သူက ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီမှတ်ချက်ထွက်လာပြီး ရက်အနည်းငယ်အကြာမှာ Apple ဟာ ကုမ္ပဏီရဲ့ အကြီးဆုံး ထုတ်လုပ်တဲ့ စက်ရုံတွေကို ထုတ်လုပ်မှုနဲ့ တင်ပို့မှု လျှော့ချဖို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီအမှုဆောင်အရာရှိချုပ်တစ်ယောက်အနေနဲ့ တရုတ်နိုင်ငံအတွင်း ဝယ်လိုအား ကျဆင်းလာတာကို မသိဘူးဆိုတာ မယုံနိုင်စရာပဲလို့ တရားသူကြီး ဂွန်ဇာလက်ရော်ဂျားစ်က ဆိုပါတယ်။

"သဘာဝဘေးအန္တရာယ်နဲ့ တစ်ခြား ကြားဖြတ်နှောင့်ယှက်နိုင်တဲ့ အကြောင်းပြချက်တွေ မရှိဘဲနဲ့ ထုတ်လုပ်မှုတွေ ဖြတ်တောက်မှု မလုပ်ခင် ရက်ပိုင်းကလေးမှာ ကွတ်ခ်အနေနဲ့တရုတ်နိုင်ငံအတွင်းက iPhone ဝယ်လိုအားကို မသိဘူးဆိုတာ မယုံနိုင်စရာကောင်းနေပါတယ်" လို့ ခရိုင်တရားသူကြီး ဂွန်ဇာလက်ရော်ဂျားက ပြောပါတယ်။

Photo: SCMP

ဒါ့အပြင် ၂၀၁၈ စတုတ္ထသုံးလပတ်မှာပဲ Apple အနေနဲ့ iPhone ၊ iPad ၊ Mac စတဲ့ Hardware ထုတ်ကုန်ရောင်းချမှု ပမာဏကို အစီရင်ခံမှု ရပ်ဆိုင်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ထုတ်ကုန်ရောင်းအားများ ကျဆင်းမယ်လို့ မျှော်လင့်ထားကြောင်း ပြနေတာ ဖြစ်တယ်လို့လည်း တရားသူကြီးက ဆိုပါတယ်။ 

ရော်ဂျားစ်ဟာ ရှယ်ယာရှင်တွေရဲ့ တရားစွဲဆိုမှုထဲက စွပ်စွဲချက် အများစုကို ပယ်ချခဲ့ပြီး ရှယ်ယာရှင်တွေဟာ iPhone ရောင်းအားကောင်းနေကြောင်း ပြောခဲ့တဲ့ တင်မ်ကွတ်ရဲ့ မှတ်ချက်တွေကိုပဲ တရားစွဲနိုင်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က