• Featured

    iPhone သစ် တင်ပို့မှု ပုံမှန်အချိန်ဇယားထက် နောက်ကျဖို့ရှိတယ်လို့ Apple အတည်ပြု

5G iPhone တွေကို မြင်ရဖို့ ရှိပါတယ်။

iPhone 12 စီးရီးဟာ ဈေးကွက်ဝင်ဖို့ ရက်သတ္တပတ်အနည်းငယ် ကြန့်ကြာသွားဖို့ ရှိတယ်လို့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ်မှ အတည်ပြုပြောကြားထားပါတယ်။

Apple ရဲ့ သုံးလပတ်ဝင်ငွေရလဒ်ရှင်းတမ်းမှာ ကုမ္ပဏီရဲ့ CFO လူကာမေစထရီက အသစ်ထွက်လာမယ့် iPhone စီးရီးတွေကို အချိန်မှီ ဖြန့်ချိနိုင်မှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် iPhone သစ်တွေကို စက်တင်ဘာလဆန်းပိုင်းမှာ မိတ်ဆက်လေ့ရှိပြီး မိတ်ဆက်ပြီး နှစ်ပတ်အကြာ လကုန်ပိုင်းလောက်မှာ ဈေးကွက်ထဲ ဖြန့်ချိတာပါ။

image

Photo: macrumors


မေစထရီဟာ အရင်နှစ် iPhone 11 စီးရီး ဖြန့်ချိမှုနဲ့ နှိုင်းယှဉ်ပြီး iPhone 12 သစ်တွေဟာ ရက်သတ္တပတ်အနည်းငယ် နောက်ကျပြီးမှ ဈေးကွက်ထဲ ဝင်ရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် iPhone သစ်တွေဟာ အောက်တိုဘာလကုန်ပိုင်းလောက်မှာ ဈေးကွက်ဝင်ဖို့ ရှိပါတယ်။ 

"သိကြတဲ့အတိုင်းပါပဲ။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ဟာ စက်တင်ဘာနှောင်းပိုင်းမှာ iPhone တွေ စပြီး ရောင်းချခဲ့ပါတယ်။ဒီနှစ်တော့ ရက်သတ္တပတ်နည်းနည်းလောက် နောက်ကျပြီးမှ ဝင်နိုင်ဖို့ ရှိပါတယ်။"လို့ မေစထရီရဲ့ ပြောစကားကို CNET သတင်းက ဖော်ပြထားပါတယ်။ 

၂၀၁၁ နောက်ပိုင်းကစပြီး iPhone သစ်တွေ ဈေးကွက်ထဲ ဖြန့်ချိမှုကို စက်တင်ဘာလထဲမှာ အများဆုံး လုပ်ခဲ့တာ ဖြစ်ပေမယ့် တစ်ချို့ မော်ဒယ်တွေကတော့ ဈေးကွက်အဝင်နောက်ကျတာမျိုး ရှိခဲ့ပါတယ်။ TouchID ခလုတ်ကို ပထမဆုံး ဖယ်ရှားခဲ့တဲ့ iPhone X သစ်ကို iPhone 8/8 Plus တို့နဲ့အတူ ၂၀၁၇ စက်တင်ဘာလထဲမှာ မိတ်ဆက်ခဲ့ပေမယ့် ဈေးကွက်ထဲကိုတော့ နိုဝင်ဘာလမတိုင်ခင် အထိ ဖြန့်ချိနိုင်ခဲ့ခြင်း မရှိပါဘူး။ 

Photo: theapplepost


iPhone တွေ ဈေးကွက်ဝင်ဖို့ နောက်ကျနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ်ထဲမှာလည်း Qualcomm ရဲ့ သုံးလပတ်ဝင်‌ငွေရလဒ်ရှင်းတမ်းမှာ စက်တင်ဘာသုံးလပတ်အတွင်း ရောင်းချမယ့် 5G တန်ဖိုးမြင့်ဖုန်းတွေ ဈေးကွက်ထဲ အရောက်နောက်ကျမယ်လို့ ဖော်ပြခဲ့ပါတယ်။

Apple ဟာ ဒီနှစ်ထဲမှာ 5G iPhone တွေ မိတ်ဆက်သွားမယ်လို့ သတင်းတွေ ပြေးနေတာကြောင့် iPhone 12 စီးရီးဟာ စိတ်ဝင်စားဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။COVID-19 ကပ်ဘေးနဲ့ ကြုံခဲ့ရပေမယ့်လည်း တတိယသုံးလပတ်ဝင်ငွေအနေနဲ့ ဒေါ်လာ ၅၉.၆၉ ဘီလျံ ရခဲ့ပြီး နှစ်အလိုက် ဝင်ငွေတိုးတက်မှု ၁၁% ရှိခဲ့တယ်လို့လည်း Apple က ထုတ်ပြန်ပါတယ်။ 

Share

Loading Next Article...
က္က