Apple ရဲ့ ၂၀၁၈ မော်ဒယ် iPhone သစ်တွေဟာ ထွက်ဖူးသမျှ iPhone တွေထဲမှာ ဈေးအကြီးဆုံးနဲ့နည်းပညာအမြင့်ဆုံးဆိုတာ ငြင်းမရပေမယ့် လူကြိုက်များမှုမှာတော့ Apple Watch Series 4 ကို မမှီပါဘူး။
Photo: The Verge
display အရွယ်အစား ကြီးထားပြီး ထောင့်စွန်းတွေ လုံးထားတဲ့ ဒီဇိုင်းနဲ့လာတဲ့ Apple Watch Series 4 ဟာ မျှော်လင့်ထားတာထက် ပိုပြီး pre-order အမှာစာတွေ ရထားတယ်လို့နာမည်ကြီး ဈေးကွက်သုတေသနပညာရှင် မင်ချိကုအိုက သုံးသပ်ထားပါတယ်။ ဘာကြောင့် Apple Watch Series 4 ကို လူကြိုက်များရတာလဲ။
အဓိကကျတဲ့ အကြောင်းတစ်ရပ်ကတော့ Series 4 ဟာ နှလုံးဝေဒနာရှင်တွေအတွက် ECG စကင်ဖတ်နိုင်တဲ့ နည်းပညာသစ်လိုမျိုး ဆန်းပြားတဲ့ ဖန်တီးချက်တွေ ပါဝင်တာကြောင့် ဖြစ်ပါတယ်။ECG တိုင်းမယ်ဆိုရင် နာရီထဲက app ကိုဖွင့်ပြီး နာရီအိုးဘေးက Digital Crowun ပေါ်ကို လက်ထိထားတာနဲ့စက္ကန့်၃၀ အတွင်း နှလုံးခုန်စနစ်ကို တွက်ချက် တိုင်းတာပေးသွားမှာပါ။
ဒီစနစ်အပြင် မတော်တဆလဲကျတာကိုပါ သိရှိနိုင်မယ့် feature လိုမျိုး အရေးကြီးတဲ့ ကျန်းမာရေး စနစ်သစ်တွေလည်း ပါဝင်လာပါတယ်။ ဒါတင်မဟုတ်ဘဲ WatchOS 5 ရဲ့အလိုအလျောက် workout ထောက်လှမ်းရေး စနစ် ၊ walkie-talkie mode များ ၊ ပိုမိုပြည့်စုံလာတဲ့ workout modes များ ကိုလည်း တွေ့ရမှာပါ။
Apple Watch Series 4 ဟာ အရင် Series 3 မော်ဒယ်များထက် ၃၀% မျက်နှာပြင်ပိုကြီးတဲ့ ၄၄ မီလီမီတာာ နဲ့၄၂ မီလီမီတာ ဘေးဘောင်ပါး display နဲ့ထွက်လာတာ ဖြစ်ပါတယ်။ Apple Watch Series 4 ရိုးရိုးမော်ဒယ်ကို ၃၉၉ ဒေါ်လာ (မြန်မာငွေ ၆ သိန်း ကျော်) နဲ့cellular မော်ဒယ်ကို ၄၉၉ ဒေါ်လာ ( မြန်မာငွေ ၇ သိန်းခွဲကျော်) ဈေးတွေနဲ့ စက်တင်ဘာ ၂၁ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ဆိုပါတယ်။
Photo: 9to5 Mac
စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး iPhone XS နဲ့XS Max တို့နဲ့အတူ pre-order လက်ခံထားတဲ့ Watch Series 4 ဟာ လောလောဆယ်မှာ pre-order ရဲ့ ၅၅% အထိ ရထားပါတယ်။ ကုအိုကတော့ ဒီနှစ်အတွင်း Apple Watch Series 4 ဟာ အလုံးရေ ၁၈ သန်းအထိ ရောင်းချနိုင်မယ်လို့ယုံကြည်နေပါတယ်။