ကြည့်လိုက်ရအောင်နော်

သီတင်းကျွတ်ရာသီ အချိန်အခါမှာ ကိုယ်ချစ်တဲ့ အနုပညာရှင်တွေ ဘယ်မှာ ရှိနေပြီး ဘာတွေလုပ်ကြမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

ဒီနှစ်သီတင်းကျွတ်မှာ ပရိသတ်တွေရဲ့ အချစ်တော်တွေဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်၊နေတိုး၊ရဲလေး၊ ဒေါင်း၊ ဖွေးဖွေးတို့ကတော့ဘာတွေ လုပ်ကြမလဲ ဘယ်တွေသွားမလဲဆိုတာကို ပြောပြထားသလို သီတင်းကျွတ်အမှတ်တ ရလေးတွေကိုလည်း ပြောပြထားပါသေးတယ်။

Photo : ဖွေးဖွေး

ဖွေးဖွေး

"သီတင်းကျွတ်ကတော့ ပုံမှန်အားဖြင့် အဖေအမေတို့ကို ကန်တော့တယ်။ အမျိုးတွေကို ကန်တော့တယ်။ဆရာတွေကို ကန်တော့တယ်။ မီးပန်းဖောက်တယ်။ အေးအေးဆေးဆေးဖြတ်သန်းဖြစ်မယ်။ သီတင်းကျွတ်မှာတော့ ကန်တော့ခံဖြစ်နေပြီ။ မနှစ်ကရော ဒီနှစ်ရောေ မာင်လေးက ကန်တော့တယ်။ဒီနှစ် သီတင်းကျွတ်ကို ဘယ်လိုပဲ ဖြတ်သန်းဖြတ်သန်း အားလုံး အစစအရာရာအောင်မြင်ပါစေ။ အန္တရာယ်ကင်း ဘေးရှင်းကြပါစေ လို့ ဆုတောင်းပေးပါတယ်" လို့ သူမက ပြောပါတယ်။

 

Photo : စိုင်းစိုင်း

စိုင်းစိုင်းခမ်းလှိုင်

"သီတင်းကျွတ်ရင် လူကြီးမိဘတွေကို လိုက်ပြီး ကန်တော့မှာပါ။ ကျွန်တော်တို့ရဲ့ ထုံးလမ်းစဉ်လာအရ ကြီးတဲ့သူကို ရိုသေပြီးတော့ ကန်တော့တယ်ဆိုတာ ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့လည်း ဖြစ်တယ်။ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုလည်း ဖြစ်တယ်။ ငယ်ငယ်ကတည်းကလည်း အိမ်မှာမောင်နှမတွေဆိုလည်း အစ်ကိုကိုမောင်နှမတွေက ကန်တော့တယ်။ ကျွန်တော်က ငယ်ငယ်က တောင်ကြီးမှာ နေတာဆိုတော့ သီတင်းကျွတ်ဆိုရင် အင်းလေးမှာဖောင်တော်ဦးပွဲရှိတယ်အဲ့ကို သွားဖြစ်တာများတယ်။ပရိသတ်တွေလည်း သီတင်းကျွတ်အခါသမယမှာ အားလုံးအဆင်ပြေကြပါစေ။မုန့်ဖိုးတွေလည်းအများကြီး ရပါစေ"ဆိုပြီး စိုင်းစိုင်းက ဆုတောင်းပေးထားပါတယ်။

 

Photo ; ရဲလေး

ရဲလေး

"သီတင်းကျွတ်ကတော့ သီချင်းဆိုဖို့ အစီအစဉ်ရှိပါတယ်။ သီတင်းကျွတ်မတိုင်ခင်ရယ်၊လပြည့်နေ့ညရယ်ပေါ့။ ပွဲလေးတွေ ပါးပါးလေးတွေတော့ရှိမယ်။ ဖိတ်ထားတဲ့ ပွဲလေးတွေပေ့ါ။ သီတင်းကျွတ်အစီအစဉ်ကတော့ အဲ့လောက်ပါပဲ။ ကျန်တဲ့အချိန်မှာတော့ အနုပညာတင်ဆက်မှု အသစ်တွေ အတွက် ထပ်ပြီး ကြိုးစားသွားမယ်"လို့ သူက ပြောပါတယ်။

 

Photo : ဒေါင်း

ဒေါင်း

"သီတင်းကျွတ်မှာ မီးထွန်းမယ်။ဇာတ်ကားရိုက်ကူးမှု ရှိမယ်။ ညပိုင်းမီးထွန်းမယ်။ဒါပါပဲ၊ကျွန်တော်တို့ရဲ့ နေ့ထူးနေ့မြတ်လေးမှာ ညပိုင်းမီးထွန်းရတဲ့ အရသာလေးက လူငယ်တိုင်း ခံစားမိမှာပါ။ ဘယ်လောက် ပျော်စရာကောင်းလဲမီးပုံးလေးတွေ ကိုယ်တိုင်လုပ်ပြီး မီးထွန်းရတာ ဘယ်လောက်ပျော်စရာကောင်းလဲနော်။ အဲဒီအငွေ့အသက်လေးတွေကို ဒီထက်ပိုပြီး ကြီးထွားအောင် အနုပညာနဲ့ပဲ ဖြစ်ဖြစ် တစ်ဖက်က ပြန်ပြီးဖန်တီးချင်တယ်။အဲအငွေ့အသက်လေးတွေ ပြန်ရအောင် ကျွန်တော်တို့ ပြန်လုပ်ကြရအောင်"ဆိုပြီး ဒေါင်းက ပြောပါတယ်။

photo : ခါရာ

ခါရာ

"သီတင်းကျွတ်အမှတ်တရတွေကတော့ ငယ်ငယ်တုန်းက အမှတ်တရတွေ ပိုများတယ်။သူငယ်ချင်းတွေနဲ့ဆုံ ပြီးတော့ ဗောက်အိုးတွေ ဖောက်ကြတာကတော့ အမှတ်တရပါပဲ။ နောက်ပိုင်းကျတော့ သိပ်မလည်ဖြစ်ဘူး။ သူငယ်ချင်းအပေါင်းအသင်းတွေက နည်းတော့လေ။ဒီနှစ်မှာ လူပျိုကြီးအပျိုကြီးအကိုကြီးအမကြီးတွေ မြန်မြန်စွန်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်" လို့ သူကဆိုပါတယ်။

Duwun ရဲ့ စာဖတ်ပရိသတ်တွေ အားလုံးလည်း သီတင်းကျွတ်အခါသမယလေးမှာ ချစ်ခင်သူတွေနဲ့ အတူပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပြီး မမေ့နိုင်တဲ့ အမှတ်တရလေးတွေ ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။

Share

Loading Next Article...
က္က