စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတွေဟာ သီချင်းထွက်ပြီးပြီးချင်းအချိန်မှာ အောင်မြင်မှုရတာနည်းတယ်လို့ ဆိုပါတယ်။ ‘’ ငါ့ရည်းစားက ပိုမိုက်တယ်’’ သီချင်းကလည်း တစ်နှစ်အကြာမှသာ အောင်မြင်လာတဲ့ သီချင်းဖြစ်တယ်လို့ စိုင်းစိုင်းကပြောပါတယ်။
Photo: Sai Sai
စိုင်းစိုင်းခမ်းလှိုင်က သူ့ သီချင်းတွေရဲ့ အောင်မြင်မှုအပေါ် အခုလိုပြောပြလာပါတယ်။ လက်ရှိအောင်မြင်မှုရနေတဲ့ ‘’ငါ့ရည်းစားက ပိုမိုက်တယ်’’ သီချင်းကလည်း ထွက်ရှိပြီး ၁ နှစ်ကျော်အကြာမှသာ အောင်မြင်မှုရရှိလာတာဖြစ်တယ်လို့ သူကဆိုပါတယ်။
‘’တောဂေါ်လီက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၂၀၀၇ April ၁ ရက်နေ့က ထွက်တာပါ တစ်နှစ်လုံး ဘာသံမှမကြားရဘဲ နောက်နှစ် ၂၀၀၈ ကျတော့ ဘယ်သွားသွားကြားနေရတဲ့သီချင်း ဖြစ်ခဲ့ဖူးတယ်။ အခု ကျွန်တော်တို့ရဲ့ ငါ့ရည်းစားကပိုမိုက်တယ် သီချင်းက မနှစ်က April ၁ ရက်နေ့မှာထွက်တယ် တစ်နှစ်အကြာမှာတော့ JOOX မှာ ၂ ပတ်ဆက်တိုက် နံပါတ်တစ် ဖြစ်လာပါပြီ။ အားပေးတဲ့ပရိသတ်များကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ။ Sai’’ ဆိုပြီးတော့ ဧပြီလ ၁၈ ရက်နေ့ နေ့လယ် ၁၁ နာရီ ၁၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။
Photo: Sai Sai
‘’ငါ့ရည်းစားက ပိုမိုက်တယ်’’ သီချင်းဟာ City FM ၂၇ နှစ်ပြည့် ပွဲမှာ စိုင်းစိုင်း၊ နန္ဒစိုင်း၊ ဂျွန်၊ ဘန်နီဖြိုး၊ ကိကိကျော်ဇော၊ Snare နဲ့ G-Fatt တို့ အဖွဲ့ အတူတူ အားပါးတရ သီဆိုဖျော်ဖြေပြီးနောက်ပိုင်း ပရိသတ်အားပေးမှု ပိုမိုရရှိလာတဲ့ သီချင်းဖြစ်ပါတယ်။ အဲဒီနောက် ဒီ သီချင်းလေးရဲ့ MTV ကိုလည်း Animation အမိုက်စားတွေနဲ့ ၇ လ ကြာအောင် ပုံဖော်ခဲ့ရတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ စိုင်းစိုင်းက ဖြေဆိုထားတာ တွေ့ရပါတယ်။ အခုဆိုရင်တော့ ‘’ ငါ့ရည်းစားက ပိုမိုက်တယ်’’ လူငယ်ပိုင်းအရွယ်၊ ကလေးအရွယ် တို့ရဲ့ အကြိုက်ဆုံး သီချင်းတစ်ပုဒ်ဖြစ်လို့နေပါပြီ။ သင်္ကြန်မှာလည်း မဏ္ဍာပ်တိုင်းမှာ မပါမဖြစ် ဖွင့်ရတဲ့ သီချင်းဖြစ်ခဲ့ပါသေးတယ်။
Photo: Sai Sai
အဲဒီနောက် စိုင်းစိုင်းက သူ့ရဲ့ သီချင်းတွေဟာ ထွက်ထွက်ချင်းမှာ အောင်မြင်မှုချက်ချင်းရခဲ့တာ မဟုုတ်တဲ့အကြောင်း ပြောပြလာပါတယ်။
‘’ကျွန်တော့်သီချင်းတွေဟာ ထွက်ထွက်ချင်းဘယ်တော့မှ မပေါက်ဘူး အနည်းဆုံး တစ်နှစ်တန်သည် နှစ်နှစ်တန်သည် စောင့်ခဲ့ရတာချည်းပါပဲ။ ဖေဖော်ဝါရီမှတ်တမ်းထွက်တုန်းက ပထမခြောက်လ တစ်နှစ်နီးပါးလောက် ဘယ်မှသိပ်မရောက်လို့ စိတ်ညစ်နေခဲ့ဖူးတယ်’’ လို့ သူကဆိုပါတယ်။
Photo: Sai Sai
စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။