အာဆင်နယ်အသင်းဟာ ခရိုအေးရှားအသင်းနဲ့အတူ ဗိုလ်လုပွဲထိ တက်ရောက်နိုင်ခဲ့တဲ့ ဗဟိုခံစစ်ကစားသမား ဗီဒါကို အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းခါနီး နာရီအနည်းငယ်အလိုမှာ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ အသင်းရဲ့ခံစစ်ကို အင်အားဖြည့်တင်းနေတာဖြစ်ပြီး ဗီဒါကိုပါ ထပ်မံခေါ်ယူပြီး တောင့်တင်းအောင်ပြုလုပ်သွားမှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းမီ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘီဆစ်ခ်တက်အသင်းရဲ့နောက်ခံ ကစားသမား ဗီဒါအတွက် ဘီဆစ်ခ်တက်အသင်း မငြင်းပယ်နိုင်လောက်တဲ့ ကမ်းလှမ်းမှုမျိုးကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းနဲ့အတူ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဗီဒါကို ဥရောပထိပ်သီးအသင်းကြီးတွေက ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။
ဗီဒါကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးဖြစ်တဲ့ လီဗာပူးအသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပြီး အာဆင်နယ်အသင်းက လီဗာပူးအသင်းနဲ့အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဗီဒါရဲ့ ကျားကုတ်ကျားခဲ ခံစစ်ကို လုံခြုံအောင် ကစားတတ်တဲ့ပုံစံကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးချစ်ပရိသတ်တွေရဲ့ လေးစားမှုကို ခံခဲ့ရပြီး ခရိုအေးရှားအသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

Evening Standard က အာဆင်နယ်အသင်းရဲ့နည်းပြ အူနိုင်းအမ်မရီအနေနဲ့ ဗီဒါကို တနင်္ဂနွေနေ့မှာ မန်ချက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်မီ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးအချိန်မှာ ခေါ်ယူလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ဘီဆစ်ခ်တက်အသင်းရဲ့နောက်ခံကစားသမား ဗီဒါအတွက် အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၆.၉ သန်းနဲ့ ကမ်းလှမ်းပြီး ပြိုင်ဘက် လီဗာပူးအသင်းကို အလဲထိုးခေါ်ယူသွားလိမ့်မယ်လို့ Mirror က ရေးသားထားပါတယ်။
အာဆင်နယ်အသင်းဟာ နောက်ခံကစားသမားတွေဖြစ်တဲ့ မူစတာဖီ၊ ကိုစီရယ်နီ၊ ကိုလာစီနက်တို့ ဒဏ်ရာရရှိနေတာကြောင့် နောက်ခံကစားသမားတစ်ဦးကို ထပ်မံခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အသင်းရဲ့ကြယ်ပွင့်ကစားသမား ဗီဒါကို ရောင်းထုတ်မလား၊ မရောင်းထုတ်ဘူးလားဆိုတာ ဘီဆစ်ခ်တက်အသင်းအပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။